အမှတ်တမဲ့

ပို့စ်တင်ချိန် - 3/20/2014 10:40:00 AM


ကိုထက်

ရန်ကုန်မြို့တွင်းတစ်နေရာ
ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားအရွယ် ဆယ်ကျော်သက်ကာလနှင့် ၂၀ ပတ်လည်အကြား ဟိုမရောက် ဒီမရောက် အချိန်ပေါ့။ တက္ကသိုလ် ဒုတိယနှစ်ဝက်အပြီးမှာတော့ အိမ်ကကျွန်တော့်ကို ကိုရင်ကြီး ၀တ်ပေးလိုက်တယ်။
ကိုရင်ကြီးဆိုတာက ဦးပဉ္စင်း လည်းမကျ ကိုရင်လေးလည်းမကျ တကယ့်ကို ခွကျလှပါတယ်။ ကျွန်တော်ဝတ်တဲ့ကျောင်းက ဆရာတော်က မိဘတွေနဲ့လည်း ရင်းနှီးနေတော့ စကားစမြည်ပြောတိုင်း ဆရာတော်က ကျွန်တော့်ကိုမေးပါတယ်။ “ကိုရင်ကြီး အရွယ်သုံးပါးဆိုတာ ဘာလဲတဲ့” ကျွန်တော့်လို တက္ကသိုလ်ကျောင်းသားကြီးကို လာမေးတော့ ဖြေပြလိုက်တာပေါ့။”မှန်ပါ့ ပထမအရွယ် ၂၅ နှစ်အထိ၊ ဒုတိယအရွယ် ၂၅ နှစ်မှ ၅၀ အထိ၊ တတိယအရွယ် ၅၀ ကျော်နှင့်အထက် ပေါ့ဘုရား”ဆိုတော့ “အေးအေး ပထမအရွယ် ပညာ၊ ဒုတိယအရွယ် ဥစ္စာ၊ တတိယအရွယ် သာသနာတဲ့” ဟုတ်လား။ မင်း မမှားစေနဲ့တဲ့။ ဘုန်းကြီး ဘာပဲမိန့်မိန့် ကိုယ်ကတော့ တင်ပါ့ပေါ့ ။ အရွယ်သုံးပါးအကြောင်း ထဲထဲဝင်ဝင် စိတ်မ၀င်စားသလို စိတ်လည်းမပူပါဘူး။

အချိန်တွေက အကုန်မြန်လိုက်တာ။ ဆရာတော်လည်း ပျံလွန်တော်မူပြီဖြစ်သလိုကျွန်တော်လည်း တက္ကသိုလ်ကျောင်းပြီးလို့ အသက်တောင်၂၃နှစ် ကျော်လာပါပြီ။ ရုတ်တရက် ဖျတ်ခနဲအမှတ်မထင် အရွယ်သုံးပါးကိစ္စက အလိုအလျောက် အတွေးထဲရောက် လာပါတယ်။ ကျွန်တော်ပထမအရွယ် ကုန်တော့မှာပါလား။ နောက်ပြန် လှည့်ကြည့်လိုက်တော့ ကျွန်တော် သေသေချာချာ တတ်ကျွမ်းခဲ့တဲ့ပညာဆိုတာ ဆုပ်ကိုင်ပြလို့ မရဘူး ဖြစ်နေတယ်။ တက္ကသိုလ်က ဘွဲ့ရခဲ့တာပဲကွဆိုပြီး မေးလို့ရပေမယ့် ကျွန်တော် လက်တွေ့နယ်ပယ်မှာ တစ်ကယ် အသုံးချနေတာလား ဘာဆိုဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ ပညာဆိုတာ မသေမချင်း ရှာလို့ရတယ်လို့ ပြောလို့ရပေမယ့် ကျွန်တော်တို့ မသေခင်ကာလကြားမှာ တကယ်ရှာနေတာလား။

“အလုပ်မအားသေးလို့။ အချိန်မပေးနိုင်ဘူး။ စာအုပ်တစ်အုပ်ကို တစ်လလောက် ဖတ်နေရတယ်။ သင်တန်းလား နောက်မှတက်မယ်ဗျာ။ အချိန်မရပါဘူး။ တက်တော့တက်ချင်သား။ ဖြည်းဖြည်းပေါ့။ အလုပ်က တကယ်ပင်ပန်းတာ။ အိမ်ပြန်ရောက်တာနဲ့ ဘာမျှမလုပ်နိုင်တော့ဘူး။ အိပ်ချင်တာပဲ သိတယ်”တစ်ခုခုလုပ်ခါနီးဆို ကျွန်တော်တို့နှုတ်က အလိုအလျောက် ထွက်လာတဲ့ အကြောင်းပြချက်တွေပါပဲ။ တကယ်တမ်း ကျွန်တော်တို့လက်ရှိကာလကို ဘယ်လိုတွေ ဖြတ်သန်းနေတာပါလဲ။ မနက်အိပ်ရာထ လက်ဖက်ရည်သောက် မုန့်စား၊ ၉ နာရီထိုးတော့ အလုပ်ခွင်ရောက် ညနေ ၅ နာရီဆို အိမ်ပြန်။ အိမ်ပြန်ရောက်တော့ ရေချိုး၊ ထမင်းစား။ ၇ နာရီကနေ ၁၀ နာရီလောက်အထိ လာသမျှ ကိုရီးယားရုပ်ရှင်ကားတွေကို မလွတ်တမ်း အားပေးပါတယ်။ ဒါတောင် ၁၀ နာရီနောက်ပိုင်း နောက်ဆက်တွဲ ရုပ်ရှင်ကြည့်တာ မပါသေးဘူး။ ဒီကြားထဲ ရတဲ့အချိန်ကလေးကို facebook သုံးရပါသေးတယ်။ခြွင်းချက်အနေနဲ့ အလုပ်ချိန်ပြီးတာနဲ့ သင်တန်းပြေးတက်။ အိမ်ရောက်ရင်လည်း မှတ်စုစာအုပ်တစ်ဖက်နဲ့ ညဥ့်နက်တဲ့အထိ စာဖတ်နေတဲ့ လူငယ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

တစ်နေ့တာကုန်ဆုံးလို့ အိပ်ချိန်ရောက်တဲ့အခါမှာတော့ နဖူးပေါ်လက်တင်ပြီး စဉ်းစားမိလိုက်တာက တစ်နေ့တောင် ကုန်သွားပါလားဆိုတာပါပဲ။ ဟုတ်ပါတယ်။ ၂၄နာရီ တစ်နေ့တာက တကယ်ကုန်ဆုံးသွားပါပြီ။ ကျွန်တော်တို့ အသက်တစ်ရက် ပိုကြီးသွားပါ ပြီ။ အသက်ကြီးလာလေ လူတစ်ယောက်အတွက် အခွင့်အလမ်းနဲ့ အခွင့်အရေး နည်းပါးလာလေပါပဲ။ ကျွန်တော်တို့ထက် အရည်အချင်းပိုရှိတဲ့ ငယ်ရွယ်နုပျိုတဲ့ လူတွေအတွက်နေရာ ဖယ်ပေးဖို့ နီးကပ်လာပါပြီ။ ရွယ်တူချင်းဖြစ်နေရင်တောင်မှ ကိုယ့်ထက်ပိုမိုပြီး ဘ၀အဆင့်အတန်း မြင့်မားနေသူကိုတွေ့ရင် တွေဝေငေးမောနေရပါလိမ့်မယ်။ အဲ့ဒီလိုအချိန် ရောက်လာပြန်ရင်လည်း”သူ့အဖေက ဘယ်သူလေ။ အဲ့ဒီနေရာရတာပေါ့။ ဒီလူက လူကြီးနဲ့ ရင်းနှီးတယ်လေ။ စိန်နားကပ်အရောင်နဲ့ ပါးပြောင်မှာပေါ့။အလကား ခွေးရူးကောင်းစား တစ်မွန်းတည့်ပါ”ဆိုတဲ့ဝေဖန်သံတွေ ကျွန်တော်တို့ဆီက ထွက်လာပါဦးမယ်။

ရာထူးနေရာရတဲ့ သူတွေကလည်း ရတဲ့နေရာဟာ ကိုယ်နဲ့ထိုက်တန်မှု မရှိဘူးဆိုရင် ဆင်းပေးရပါလိမ့်မယ်။ ဘယ်သူမှ တာဝန်မယူ။ တာဝန်မခံနိုင်တဲ့ နေရာမှာ ကြာရှည်မမြဲပါဘူး။ နေရာရလာတဲ့ လူတစ်ယောက်ဟာ သူများနဲ့မတူတဲ့ ကြိုးပမ်းအားထုတ်မှု ရှိခဲ့တာတော့ ကျွန်တော်တို့ လက်ခံရပါလိမ့်မယ်။ ဒီလိုမျိုး ကျွန်တော်တို့အထက်ကို ရောက်ရောက်လာတဲ့လူတိုင်းကိုလည်း ကျွန်တော်တို့ ဆက်လက်ဝေဖန်ရင်းနဲ့ပဲ အချိန်ကုန်မယ့်အစား ကျွန်တော်တို့ကော မရနိုင်ဘူးလားလို့ ကိုယ့် ကိုယ်ကိုယ် တစ်ခါလောက်တော့ ပြန်မေးကြည့်သင့်ပါတယ်။

မျက်မှောက်ကာလမှာ ကျွန်တော်တို့ရဲ့ အချိန်တွေကို ခိုးယူနေတဲ့ နည်းပညာကို အခြေခံတဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကိရိယာတွေ အများကြီးရှိပါတယ်။ ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ အကန့်အသတ်နဲ့သာ ရနိုင်တဲ့အချိန်ကို ခိုးယူနေပါတယ်။ ကျွန်တော်တို့အမှတ်တမဲ့နဲ့ အခိုးယူခံရတာကို သတိမမူမိရင်တော့  သေချာပါတယ် ကျွန်တော်တို့ လောကကစားပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့အချိန်ကို ဘယ်လိုခိုးနေလဲဆိုတာ   . . .

ပိတ်ရက်လေးရရင် သင်တန်းတစ်ခုခုတော့ ထပ်တက်မယ်ဗျ။ သူငယ်ချင်းတစ်ယောက်က ပြောတာဖြစ်ပါတယ်။ အလုပ်ခွင်ထဲ ရောက်လာတော့ တစ်ပတ်တစ်ရက်ခွဲ ပိတ်ရက်ရပါတယ်။ အဲ့ဒီတော့လည်း“ဟာ တစ်ရက်ခွဲဆိုတာ ဘာမှ လုပ်လို့မရဘူး တစ်ပတ်လုံး မလုပ်ခဲ့တာတွေ လုပ်နေရတာနဲ့ အချိန်ကုန်တာပါပဲကွာ” သူ့ရဲ့လေသံက ပြောင်းလဲသွားပါပြီ။ အလုပ်မအားလို့ ဆိုတဲ့အကြောင်းပြချက်က အလိုအလျောက် ထွက်လာပါပြီ။သူနဲ့အတူ အလုပ်ခွင်ဝင်တဲ့သူက အလုပ်ထဲမှာ ပညာရှာတဲ့အတွက် နေရာရလာတဲ့အခါမှာတော့ သူ့ရဲ့ဝေဖန်သံတွေက ညံလာပါပြီ။ သင်တန်း တစ်ခုတက်မှ Certificate တစ်ခု ထပ်ရမှ ပညာရနိုင်မှာလား အလုပ်ခွင်ဆိုတာလည်း ပညာယူရင် ရနိုင်တဲ့နေရာဆိုတာကို ကျွန်တော့်သူငယ်ချင်း သတိမမူမိတာ ဖြစ်ပါလိမ့်မယ်။

တစ်ခါတလေ စိတ်ရဲ့ လှည့်စားမှု သဘောတရားအရ ကျွန်တော်တို့ဟာ ဒီနေရာမှာ ငါမရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေး ၀င်လာတတ်ပါတယ်။ တကယ်တော့ မှားပါတယ်။ ကျွန်တော်တို့ မရှိလည်း အလုပ်ခွင်က ဆက်လက် လည်ပတ်နေဦးမှာ ဖြစ်ပါတယ်။ အဲဒီအတွေး ၀င်လာရင်သာ ကျွန်တော်တို့ ဒီနေရာမှာပဲ ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့  ကိုယ်ရည်ကိုယ်သွေး အရည်အချင်းတွေ မြင့်မားဖို့အတွက် စဉ်ဆက်မပြတ် ကြိုးစားနေရပါမယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အခွင့်အလမ်း၊ အခွင့်အရေးတွေ၊ ယူချင်ရင်ရနိုင်တဲ့ ပညာရပ်တွေ ရှိနေပါတယ်။ ကျွန်တော်တို့မှာ လိုချင်တဲ့စိတ်ဆန္ဒရှိဖို့သာ အရေးကြီးပါတယ်။ တစ်ခါတလေကျရင် အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေ လုပ်ကိုင်ခွင့်မရှိတဲ့ အခြေအနေကို ကြုံရပါတယ်။ ကံတရားက ကျွန်တော်တို့ကို မီးနီပြနေတဲ့အခါမှာတော့ ကျွန်တော်တို့တွေ ရှေ့ဆက်တိုးလို့ ရမှာမဟုတ်ပါဘူး။ ရပ်တန့်နေရပါလိမ့်မယ်။

မီးစိမ်းပြတဲ့အခါမှသာ လုပ်ခွင့်ရမှာ ဖြစ်ပါတယ်။ ကံတရားက မီးစိမ်းပြနေတာလား မီးနီပြနေတာလားဆိုတာ ကျွန်တော်တို့တွေ သိနိုင်ဖို့အတွက် မီးအချက်ပြထားတာ မဟုတ်တဲ့အတွက် ဒီအချက်ပြမီးကို တွေ့ဖို့ ကျွန်တော်တို့မှာ မြင်နိုင်တဲ့ ဥာဏ်မျက်စိ ရှိရမှာဖြစ်ပါတယ်။ မီးနီပြနေတဲ့အချိန်မှာ သွားဖြတ်မိရင်တော့ မော်တော်ယာဉ်ဆိုရင် ယာဉ်တိုက်မှုဖြစ်မှာ ဖြစ်ပြီး လူ့လောကမှာတော့ လောကဓံနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အလုပ်ခွင်မှာသာ အလုပ်လုပ်ရင်း အချိန်ကုန်သွားရင်တော့ ကျွန်တော်တို့ ရှုံးပါလိမ့်မယ်။ အခွင့်အရေး၊ အခွင့်အလမ်းကို မြင်တတ်ရပါမယ်။ သတိမမူမိဘဲ အကြောင်းပြချက်တွေနဲ့သာ လက်ရှိကာလကို ဖြတ်ကျော်သွားရင်တော့ သေချာပါတယ် တတိယအရွယ်မှာ ဒုက္ခရောက်ပါလိမ့်မယ်။ပညာမရရင် ဥစ္စာလည်း မရနိုင်ပါဘူး။ ဥစ္စာမရှိခြင်း အကြောင်းတရားဟာ စိတ်နှလုံးကို ပူပန်စေတဲ့အတွက် တတိယအရွယ်မှာ ငြိမ်းချမ်းမှုကို ရရှိမှာ မဟုတ်ပါဘူး။ လှေကားရဲ့ သဘောသဘာဝဟာ တစ်ထစ်ပြီးမှတစ်ထစ် ထပ်တက်ရတာ ဖြစ်ပါတယ်။ ကျော်တက်ရင်တော့ အကျနာမှာ သေချာပါတယ်။ လက်ရှိအနေအထားကို ကျော်လွန်ပြီး စိတ်ကူးယဉ်လို့ ရပါတယ်။ ဒါပေမဲ့ လက်တွေ့နဲ့ ကင်းကွာရင်တော့ လေထဲတိုက်အိမ်ဆောက်တာသာ ဖြစ်ပါလိမ့်မယ်။

မျက်မှောက်ကာလမှာ ကျွန်တော်တို့ရဲ့ အချိန်တွေကို ခိုးယူနေတဲ့ နည်းပညာကို အခြေခံတဲ့ ရုပ်ဝတ္ထုဆိုင်ရာ ကိရိယာတွေ အများကြီးရှိပါတယ်။ ဒီအရာတွေဟာ ကျွန်တော်တို့ရဲ့ အကန့်အသတ်နဲ့သာ ရနိုင်တဲ့အချိန်ကို  ခိုးယူနေပါတယ်။ ကျွန်တော်တို့ အမှတ်တမဲ့နဲ့ အခိုးယူခံရတာကို သတိမမူမိရင်တော့ သေချာပါတယ် ကျွန်တော်တို့ လောကကစားပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့အချိန်ကို ဘယ်လိုခိုးနေလဲဆိုတာ စောင့်ကြည့်ဖို့အတွက် ကျွန်တော်တို့မှာ ဥာဏ်မျက်စိ ရှိရပါလိမ့်မယ်။

Credit: EMG