မြန်မာကျောင်းသား ၄သောင်းနီးပါးကို ကမ္ဘာ့ဘဏ်က ပညာသင်ထောက်ပံ့မယ်

ပို့စ်တင်ချိန် - 3/20/2014 05:28:00 AM



လာမယ့် ပညာသင်နှစ်ကစပြီး မြို့နယ် ၈မြို့နယ်က ကျောင်းသား ၄သောင်းနီးပါးအတွက် ကမ္ဘာ့ဘဏ်က ပညာသင်ထောက်ပံ့ကြေး ဒေါ်လာ သန်းတစ်ရာ ပေးမယ်လို့ ကြေညာလိုက်ပါပြီ။ လေးနှစ်ကြာ ဒီစီမံကိန်းမှာ မြန်မာကျောင်းသားတွေ တိုက်ရိုက်အကျိုးရှိမှာလား။

စတုတ္ထတန်းကနေ တက္ကသိုလ်ဝင်တန်းအထိ ရန်ကုန်၊ ဧရာဝတီ၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က မြို့နယ် ရှစ်မြို့နယ်က ကျောင်းသား ၄သောင်းနီးပါးကို ၂ဝ၁၄-၁၅ ပညာသင်နှစ်အတွက် ထောက်ပံ့ဖို့ လျာထားပြီး လာမယ့်နှစ်တွေမှာ မြို့နယ် ၄ဝအထိ တိုးမြှင့်သွားဖို့ရှိတယ်လို့ ပညာရေးစီမံကိန်းက ဆိုပါတယ်။

ပညာသင်ထောက်ပံ့ကြေးရရှိတဲ့ ကျောင်းသားကျောင်းသူတွေကိုယ်တိုင် သုံးစွဲနိုင်ဖို့ စီစဉ်ထားပြီး အခြား လူမှုရေးလုပ်ငန်းတွေမှာ သုံးစွဲခွင့်မရှိစေဖို့ စောင့်ကြည့်တဲ့အဖွဲ့တွေ ဖွဲ့စည်းထားတယ်လို့ ကမ္ဘာ့ဘဏ်က ထိပ်တန်းအရာရှိက မတ်လ ၁၉ရက်နေ့မှာ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈ဝနဲ့ သြစတြေးလျဘဏ်က ဒေါ်လာ သန်း၂ဝ ကူညီထောက်ပံ့ဖို့ သဘောတူညီထားတာဖြစ်ပြီး မူလတန်းအဆင့်ကို တစ်နှစ်စာ ၅သောင်းကျပ်၊ အလယ်တန်းကို ၈သောင်းနဲ့ အထက်တန်းကို ကျပ်တစ်သိန်း ထောက်ပံ့မှာဖြစ်ပြီး ပထမနှစ်မှာတော့ ကျောင်းသား ၃သောင်း ၇ထောင်ကျော်ကို ထောက်ပံ့မယ်လို့ ဆိုပါတယ်။

၂ဝ၁၄-၁၅ ပညာသင်နှစ်အတွက် ထောက်ပံ့မယ့် မြို့နယ် ၈မြို့နယ်ကို လျာထားတာပဲရှိသေးပြီး အပြီးသတ် ရွေးချယ်မှုမလုပ်ရသေးဘူးလို့ဆိုပါတယ်။



Kamayut Media