မြန်အောင်မြို့နယ်အတွင်း ရေနံစိမ်းချက်လုပ်သည့် ဖိုများဆောက်လုပ်ကာ တစ်နိုင်တစ်ပိုင်ရေနံများချက်လုပ်နေ

ပို့စ်တင်ချိန် - 3/20/2014 05:49:00 AM


မြန်အောင်၊၊ မတ်လ ၁၉ ။

 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ငါးဘတ်ကျေးရွာအုပ်စု၊ အုပ်ကွင်းကျေးရွာအနောက်ဘက်တွင် ရေနံစိမ်းချက်လုပ် သည့်ဖိုများဆောက်လုပ်ကာ တစ်နိုင်တစ်ပိုင်ရေနံများချက်လုပ်နေကြောင်းသိရှိရသည်။

ဟင်္သာတခရိုင်မှ ပုသိမ်မုံရွာကားလမ်း မိုင်တိုင်အမှတ်၁၁၀၊ ၁ဖာလုံနှင့်၂ဖာလုံအကြား မျှင်ဝါးတောင်သစ်တော ကြိုးဝိုင်းအတွင်းမှ မြေဧက(၄၀) ပေါ်တွင်ထွန်းမြတ်တော်ဝင်ကုမ္ပဏီမှ ရေနံချက်ဖိုဆောက်လုပ်ကာရေနံစိမ်းများချက်လုပ်နေသည် ဟု သိရပြီး အခြားလုပ်ကိုင်လိုသူများကို ဖိတ်ခေါ်၍ရေနံချက် ဖိုတည်ဆောက်ခြင်းနှင့်မြေနေရာကိုပါ၊ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက် ပေးနေခြင်းဖြစ်သည် ဟု ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦး ကပြောသည်။

ဖေဖော်ဝါရီလထဲမှာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်တိုင်၊ ပုဂ္ဂလိက ရေနံချက် ဖိုတည်ဆောက်နေတဲ့နေရာကိုရောက်ရှိလေ့လာခဲ့ပြီး လောင်စာအစားထိုးအသုံးပြုနိင်ဖို့ နှင့် တစ်နှစ်အတွင်းလျှပ်စစ်မီးရရှိရေးညွန်ကြားမှုများရှိခဲ့သည် ဟု ဒေသခံကျေးရွာအထောက်အကူပြု ကော်မတီဝင်များ ကဆိုသည်။

“ ယောင်္ကျားလေးကသုံးထောင်(၃၀၀၀) ရတယ် မိန်းကလေးကနှစ်ထောင့်ငါးရာ(၂၅၀၀) ရတယ်တစ်နေကုန်လုပ်ရတယ် ဆိုပေမယ့်၊ မတ်ပဲနှုတ်လို့ရတဲ့ တစ်နေ့ တစ်ထောင်(၁၀၀၀) ထက်တော့သာတာပေါ့ တချို့ထင်းခုတ်သားဆိုရင် တစ်နေ့ တစ်သောင်း(၁၀၀၀၀) လောက်တောင်ရတယ် ” ဟု အုပ်ကွင်းကျေးရွာမှ ရေနံချက်လုပ်ငန်းတွင် လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

အဆိုပါရေနံချက်ဖို (၂)လုံးမှာ၊ နေ့ဆိုင်း၊ ညဆိုင်းဖြင့် ချက်လုပ်နေလျှက်ရှိပြီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး၏ရေနံချက်ဖိုတစ်လုံးအပါဝင်ပုဂ္ဂလိကပိုင် ရေနံချက်ဖိုများလည်း ဆက်လက်ဆောက်လုပ်နေလျှက်ရှိကြောင်း သိရှိရသည်။



မောင်သုံည(ပုသိမ်)
The Myanma Age