လျှပ်စစ်မီတာခတိုးမြှင့်ကောက်ခံဖို့ လွှတ်တော်က အတည်ပြု

ပို့စ်တင်ချိန် - 3/20/2014 12:47:00 PM

မြန်မာနိုင်ငံ လွှတ်တော်အတွင်း တွေ့ရတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား လွှတ်တော် ကိုယ်စားလှယ်တွေ (Credit: Reuters) 

မြန်မာနိုင်ငံမှာ ​လာမယ့် ​ဧပြီလ ​၁ရက်နေ့က ​စပြီးတော့ ​လျှပ်စစ်မီတာခတွေ ​တိုးမြှင့်ကောက်ခံသွား ​တော့မယ်လို့ ​သိရပါတယ်။

လျှပ်စစ်မီးတာခ ​တိုးမြှင့် ​ကောက်ခံဖို့ ​အတွက် ​ပြည်ထောင်စု ​လွှတ်တော်က ​မနေ့ကပဲ ​အတည်ပြု ​လိုက်တာဖြစ်ပြီး ​အဆိုပါ ​လျှပ်စစ်မီတာခ ​တိုးမြှင့် ​ကောက်ခံဖို့ ​အတွက် ​ဥပဒေ ​မူကြမ်းကို ​သမ္မတ ​ဦးသိန်းစိန်က ​လွှတ်တော်ကို ​ပေးပို့ခဲ့တာ ​ဖြစ်ပါတယ်။

လျှပ်စစ် ​မီတာခ ​နှုန်းထားတွေနဲ့ ​ပတ်သက်လို့ ​ဥပဒေ ​ကြမ်းကော်မတီ ​၀င်တဦးဖြစ်တဲ့ ​အမျိုးသား ​လွှတ်တော် ​ကိုယ်စားလှယ် ​ဦးအောင်ကြည်ညွန့်က ​အခုလိုပြောပါတယ်။

“လျှပ်စစ်ဌာနကနေပြီးတော့ ​ဘီလျံနဲ့ချီပြီးတော့ ​အရှုံးခံပြီးပေးနေရတဲ့အတွက် ​နောက်ထပ်မရသေးတဲ့ ​နေရာတွေမှာ ​လျှပ်စစ်ရအောင် ​တည်ဆောက်ပေးဖို့ ​ဆိုရင် ​အရှုံးကိုသက်သာအောင် ​သူတို့တိုးကောက် ​ရပါတယ် ​ပြောတယ်ခင်ဗျ၊ ​အခုတိုးမဲ့နှုန်းတွေက ​အိမ်သုံးယူနစ်က ​၁၀၀အထိက ​အရင်နှုန်းအတိုင်းပဲ ​၃၅ကျပ်၊ ​အိမ်သုံးယူနစ် ​၁၀၁ကနေ ​၂၀၀ ​အထိက ​၄၀၊ ​အိမ်သုံး၂၀၁ယူနစ်ကနေ ​အထက်ကိုတော့ ​၅၀ ​နှုန်းကောက်မယ်လို့ ​တိုးတယ်။” 

စက်မှုသုံး ​လျှပ်စစ်မီတာခ ​ဈေးနှုန်းကို ​ယူနစ် ​၅၀၀ ​အထိဆိုရင် ​၇၅ ​ကျပ်နှုန်း၊ ​၅၀၁ကနေ ​ယူနစ် ​၁၀၀၀၀အထိဆိုရင် ​၁၀၀ ​ကျပ်နှုန်း၊ ​ယူနစ် ​၁၀၀၀၁ ​ကနေ ​၅၀၀၀၀ ​အထိဆိုရင် ​၁၂၅ ​ကျပ်နှုန်း၊ ​၅၀၀၀၁ ​ကနေ ​၂၀၀၀၀၀ ​အထိဆိုရင် ​၁၅၀ ​ကျပ်နှုန်း၊ ​၂၀၀၀၀၁ ​ကနေ ​၃၀၀၀၀၀ ​အထိဆိုရင် ​၁၂၅ ​ကျပ်နှုန်း၊ ​၃၀၀၀၀၀ ​နဲ့ ​အထက်ကိုတော့ ​၁၀၀ ​ကျပ်နှုန်း ​သတ်မှတ် ​လိုက်တယ်လို့ ​ပြောပါတယ်။

ပြည်ထောင်စု ​လွှတ်တော်မှာ ​လျှပ်စစ်မီတာခ ​တိုးမြှင့် ​ကောက်ခံရေးနဲ့ ​ပတ်သက်ပြီး ​ကန့်ကွက်ခဲ့ကြသူ ​၁၈ဦး ​ရှိခဲ့တယ်လို့ ​သိရတဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ ​ထားပါတယ်။

ABC Radio Australia