လှည်းကူးပဋိပက္ခ ပါဝင်သူများ ဖမ်းဆီးရန် ကျန်နေသေး

ပို့စ်တင်ချိန် - 4/07/2014 03:21:00 PM




မင်းမင်း

ဧပြီ ၄ ရက် ညနေပိုင်းက လှည်းကူးမြို့တွင် ရန်ပွဲတစ်ခုမှစတင်ခဲ့သည့် ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများ ကို ဖမ်းဆီးရန် ကျန်နေသေးသည်ဟု မြို့နယ်ရဲမှူး ခင်မြင့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

သို့သော် ဖမ်းမိထားသူအရေအတွက်နှင့် ဖမ်းဆီးရန်ကျန်သည့် အရေအတွက်ကိုမူ ၎င်းကထုတ်ပြောရန် ငြင်းဆန်ခဲ့သည်။

“ညီလေးတို့ သတင်းဖော်ပြလိုက်လို့ရှိရင် မမိတော့မှာစိုးလို့ပါ။ ပြောလို့မရပါဘူး။ အဲ့ဒါနဲ့ပတ်သက်ပြီးတော့ အားနာပါတယ်” ဟု ၎င်းက ဆိုသည်။

ဧပြီ ၄ ရက် ညနေက လှည်းကူးမြို့မဈေး အရှေ့ဘက်ရှိ အမိုးအကာကူရှင် ဆိုင်ပိုင်ရှင် ဦးကိုကို၏သား ရန်နိုင် (ခ) ရန်အောင်ကိုကို(ခ) အစ္စမန် အပါအ၀င် သုံးဦးနှင့် “ချစ်မိတ်ဆွေ”နာရီနှင့် အပိုပစ္စည်း ရောင်း ၀ယ်ရေးဆိုင်မှ သက်ပိုင်ဦးတို့ ခိုက် ရန်ဖြစ်ပွားရာမှ သုံးဦးက တုတ်ဖြင့်ရိုက်၊ ချွန်ထက်သောအရာဖြင့် ထိုးခဲ့သဖြင့် သက်ပိုင်ဦး၏ မျက်လုံးနှင့် ဦးခေါင်းတို့တွင် ဒဏ်ရာရခဲ့သည်။

ယင်းဖြစ်ရပ်အပေါ် မကျေနပ်သဖြင့် အချွန်ဖြင့်ထိုးသူများ ထွက်ပြေးသွားသည့် ဟူစင်မုန့်ဆိုင်ကို လူအုပ်စု များကခဲဖြင့် ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်ရပ်များအပေါ် အဓိကရုဏ်း ဖြစ်အောင် လှုံ့ဆော်သူများရှိနေသည်ဟု လှည်းကူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

“ပြီးခဲ့တဲ့သုံးလလောက်ကလည်း ဒီလိုဖြစ်စဉ်မျိုး ဖြစ်ခဲ့ဖူးတာပဲဗျာ။ သာမန်ရန်ဖြစ်တာတော့မှန်တယ်။ ဒါပေ မဲ့ လူ ၂၀ လောက်က လှုံ့ဆော်နေတဲ့ပုံစံမျိုး ဖြစ်နေတယ်”ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လှည်းကူးမြို့တွင် ည ၆ နာရီမှ နံနက် ၆ နာရီထိ အပြင်မထွက်ရန် ဒေသန္တရ အမိန့် ထုတ်ထားရပြီး လုံခြုံရေးအင်အား ၃၀၀ ခန့်ချထားရဆဲ ဖြစ်သည်ဟု ရဲမှူးခင်မြင့်က ဧပြီ ၆ရက် ညနေတွင် အတည်ပြုပြောဆိုသည်။

ဒဏ်ရာရရှိခဲ့သည့် သက်ပိုင်ဦးမှာ အောက်မျက်ခမ်းတွင် ခြောက်ချက်ချုပ်ရပြီး စိုးရိမ်ရသည့်အခြေအနေ မရှိသည့်အတွက် ရန်ကုန်မျက်စိအထူးကုဆေးရုံ (ကန်တော်ကြီး)၏ခွင့်ပြုချက်ဖြင့် ဧပြီ ၅ ရက်ကဆေးရုံမှ ပြန်လည်ဆင်းသွားခဲ့ပြီဖြစ်သည်။

Mizzima Burmese