စစ်တပ်ရဲ့မြေသိမ်းမှုကိစ္စ ဆန္ဒပြသူတွေ ဒေါ်စုနဲ့တွေ့ခွင့်မရခဲ့၊ NLD ရုံးမှာ ညှိနှိုင်းကြမယ်

ပို့စ်တင်ချိန် - 4/07/2014 09:05:00 AM


မြန်မာစစ်တပ်က အဓမ္မသိမ်းဆည်းခဲ့တဲ့ မိကျောင်းကန် အပိုင်း ၁၊ ၂၊ ၃ ကမြေတွေကို လုံးဝပြန်မပေးနိုင်ဘူးဆိုတဲ့ ရန်ကုန်တိုင်းအစိုးရရဲ့ သဘောထားထွက်လာပြီးနောက်မှာတော့ သပိတ်မှောက်သူတွေဟာ အားကိုးရာအဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့ကို ရောက်သွားခဲ့ပါတယ်။

မြို့တော်ခမ်းမနားမှာ သပိတ်စခန်းဖွင့်ထားတာ နှစ်ပတ်လောက်ရှိလာပြီး အစိုးရကလည်း အင်အားသုံးဖြိုခွင်းမှုကို နှစ်ကြိမ်တိတိလုပ်ခဲ့လို့ တရားဥပဒေအကာအကွယ်ရဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ရင်ဖွင့်ချင်လို့ ရောက်လာခဲ့တာပါလို့ ဧပြီ ၅ရက်နေ့က ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို တာဝန်ယူထားတဲ့ ပါတီဝင်တွေ နည်းပါးနေပြီး ဒီမိုကရေစီခေါင်းဆောင်ကိုယ်တိုင်က ကျန်းမာရေးအခြေအနေအရ ထွက်မတွေ့နိုင်တဲ့အကြောင်း လွှတ်တော်အမတ် ဦးဝင်းထိန်နဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းတို့က ဆန္ဒပြသူတွေကို ရှင်းပြခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးချုပ်မှာတော့ သပိတ်စခန်းဦးဆောင်သူ ၅ယောက်နဲ့ တရားဝင်ညှိနှိုင်းဆောင်ရွက်ပေးဖို့ သဘောတူညီချက်ရပြီးတဲ့အခါမှာတော့ ည၇ နာရီကျော်မှာ သပိတ်စခန်းက ဆန္ဒပြသူတွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ရှေ့ကနေ ပြန်လည်ထွက် ခွာသွားခဲ့ပါတယ်။

ရန်ကုန်စည်ပင်၊ လုံထိန်းနဲ့ စွမ်းအားရှင် တစ်ထောင်ကျော်က မိကျောင်းကန် သပိတ်စခန်းကို မတ်လ ၃ဝနဲ့ ၃၁ရက်နေ့ မနက်လင်းအားကြီးတွေမှာ အင်အားသုံးဖြိုခွင်းခဲ့မှုဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်ဆိုတာ လွှတ်တော်နဲ့ အစိုးရကို သိစေချင်တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့ကို မရမ်းကုန်း မြေသိမ်းခံရသူတွေ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်တွေ့ခဲ့ပြီးနောက်ပိုင်း အစိုးရနဲ့ စစ်တပ်ရဲ့ အဓမ္မလုပ်ဆောင်မှုတွေ ကို တိုင်ကြားဖို့ ဆန္ဒပြသူ နောက်ထပ်နှစ်ဖွဲ့ လာရောက်ကြိုးစားခဲ့တာဖြစ်ပါတယ်။


Kamayut Media