ကျောက်တော် တောင်ဘွေတွင် ဘုရားဦးတော်များဖျက်ဆီးခံရ

ပို့စ်တင်ချိန် - 7/13/2014 08:50:00 AM


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာတွင် ဘုရား (၅) ဆူ၏ ဦးတော်
များ ဖျက်ဆီးခံခဲ့ရသည်ဟု သတင်း ရရှိသည်။



“ တောင်ဘွေမှာ ရွာဦးစေတီရှိတယ်။ ရွာဦးစေတီက ဘုရား (၅) ဆူရဲ့ ဦးတော်တွေ ဖျက်ဆီးခံရပြီး မြေခနေတယ်လို့ ကြားရပါတယ်။ အဖမ်းအဆီးတော့ မရှိသေးဘူးလို့ ကြားရတယ်။ ရဲမြို့နယ်မှူးကတော့ ပြန်လည် တည်ဆောက်ပေးမယ်လို့ ပြောတယ်လို့ သိရပါတယ်” ဟု ကျောက်တော်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

တောင်ဘွေကျေးရွာမှာ ကျောက်တော် သကြားစက် အလွန် သာစည်အနီးတွင် တည်ရှိပြီး ယင်းရွာအနီးတွင် တောင်ဘွေ မူဆလင်ရွာ တည်ရှိသည်ဟု သူက ဆိုသည်။

နိရဉ္စရာမှ တောင်ဘွေရွာတွင် ဘုရားဖြိုဖျက်ခံရသည်ဟု ကြားသိရပါကြောင်း၊ သို့အတွက် ယခုသတင်းမှာ ဟုတ်မှန်ပါသလားဟု ကျောက်တော်မြို့နယ် ရဲမှူးအား ဆက်သွယ်မေးမြန်းရာ သူက ယခုလို တုန့်ပြန်ဖြေကြားသည်။

“ ဘုရားဖြိုဖျက်တာ မဟုတ်ပါဘူး။ ကျနော်တို့ ဒီ တောင်ဘွေ ရခိုင်ရွာမှာရှိတဲ့ ဟိုဒင်းပေါ့။ အဲဒီမှာ သက်တော်ရှည် စေတီဆိုတာ ရှိတယ်။ အဲဒီမှာ မွေးနံဆိုတဲ့ ဘုရားလေးတွေ ရှိတယ်။ အဲဒီက ဘုရားလေးဆူ ခေါင်းကျိုးနေတာတော့ တွေ့တယ်။ အဲဒါဘဲ။ ခင်ဗျား ပြောသလို ဖြိုဖျက်နေတယ်ဆိုရင်တော့ စိစိညက်ညက် ကျေသွားမယ်” ဟု ပြောသည်။

ထပ်မံပြီး ဘုရားများ ဖြိုဖျက်ခံရတာ မဟုတ်ရင် ဘယ်လို  ဖြစ်တာပါလဲဟု မေးမြန်းရာ မြို့နယ် ရဲမှူးက ယခုလို ပြောဆိုသည်။

“ဖြိုဖျက်တာလား၊ ဘာလားဆိုတာ စိစစ်နေဆဲ ဖြစ်တယ်။ ခေါင်းကျိုးနေတာတွေ့တယ်။ လပြည့်နေ့က။ လပြည့်နေ့က။ ဘုရားလေးဆူ၊ ဘုရားလေးဆူ။ အခု ကျနော်ကိုယ်တိုင် အခု ဘုရားကုန်းပေါ်ကို ရောက်နေတယ်။ ဘယ်သူဘယ်ဝါ လုပ်တယ်ဆိုတာကို စိစစ်နေတယ်” ဟု ပြောဆိုသည်။

ယခု ဘုရားများအား တစ်စုံတစ်ဦး (သို့မဟုတ်) တစ်စု တစ်ဖွဲ့က ၀င်ရောက်ကျူးကျော်ပြီး ပြုလုပ်သော လက်ချက် ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်များ အနေဖြင့် ယခုလို ကြီးလေးသော အပြစ်မျိုးကို မည်သူမျှ ပြုလုပ်ကြမည် မဟုတ်သောကြောင်း မည်သူများ ကျူးလွန်သည်ကို စဉ်းစားယုံဖြင့် သိရှိနိုင်ပါကြောင်း ဒေသခံများက ပြောဆိုသည်။

ယခုအခါ ဦးတော်ကျိုးပျက်သွားသော ဘုရားဆင်းထုတော်များကို တပ်နှင့် ရဲတာဝန်ရှိသူများမှ ပြန်လည် ပြုပြင်ရန် ပြင်ဆင်နေရာ ရွာသားများက ၀ိုင်းဝန့် ကန့်ကွက်နေကြသည်ဟု သိရသည်။

နိရဉ္စရာသတင်းဌာန