ရုပ်ရှင်၊ ဂီတ၊ သဘင်အတွက် အလှူခံကာ ကျပ်သိန်း ၁၀၀၀ စီဖြင့် ဖောင်ဒေးရှင်းများ တည်ထောင်ပေးမည်ဟု သမ္မတကတိပြု

ပို့စ်တင်ချိန် - 7/13/2014 08:49:00 AM



ဇူလိုင် ၁၂ ရက်က ရန်ကုန်မြို့ရှိ MPC တွင် သမ္မတနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်အနုပညာရှင်များ တွေ့ဆုံပွဲမှ မြင်ကွင်းတစ်ခု

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်ပညာရှင်များသည် ဇူလိုင် ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် တွေ့ဆုံခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းနှင့် အခြားပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့အစည်း တစ်ခုချင်းစီအတွက် ဖောင်ဒေးရှင်းတစ်ခုစီ ထူထောင်ပေးမည်ဖြစ်ကြောင်း၊ စတင်မတည်ချိန်တွင် သိန်း ၅ဝ နှင့် စတင်ထူထောင်မည် ဖြစ်သော်လည်း နောက်ပိုင်းတွင် အနုပညာကိုချစ်သည့် ပုဂ္ဂလိကများထံမှ အလှူခံကာ အနိမ့်ဆုံးသိန်း ၁ဝဝဝ စီဖြင့် တည်ထောင်ပေးမည်ဟု စီစဉ်ထားကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

“အိုတဲ့လူတွေ နာတဲ့လူတွေ အကူအညီပေးနိုင်ဖို့အတွက် စဉ်းစားထားပါတယ်။ ဦးစိုးသိန်းက ဒါလေးသူသိတာနဲ့ ကျွန်တော် လာအသိပေးတာပါ။ အနုပညာရှင်ကို ချစ်မြတ်နိုးတဲ့ သူဌေးတွေအများကြီး ရှိပါတယ်။ နောက်သူတို့ဆီက ကျွန်တော်တို့ အကူအညီ တောင်းပေးမှာပါ” ဟု နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ရုပ်ရှင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက နိုင်ငံတော်သမ္မတထံ ဆွေးနွေးတင်ပြခဲ့သည်။

ဦးလူမင်းက ဆွေးနွေးတင်ပြရာတွင် ယခင်က မြန်မာ့ရုပ်ရှင်သည် ရွှေခေတ်တည်ထောင် နိုင်ခဲ့သော်လည်း လက်ရှိအချိန်တွင် သွပ်အဆင့်သို့ ရောက်ရှိနေကြောင်း၊ မြန်မာ့ရုပ်ရှင်လုပ်ငန်း ကျဆင်းရခြင်း၏ အဓိကအကြောင်းမှာ ပြသရန်ရုပ်ရှင်ရုံများ မရှိတော့၍ ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးတွင် ရုပ်ရှင်ရုံ ၂၉ ရုံသာရှိပြီး တန်းစီစနစ်ဖြင့် ပြသနေရကြောင်း၊ ထို့ပြင်နည်းပညာဆိုင်ရာ စက်ပစ္စည်းများ နိုင်ငံခြားမှတင်သွင်းရာတွင် အခွန်အခများ ကင်းလွတ်ခွင့်ပေးစေလိုကြောင်း၊ ခိုးကူးခွေဈေးကွက်ကို ထိရောက်စွာ နှိမ်နင်းပေးစေလိုကြောင်း၊ ရုပ်ရှင်၊ ဗီဒီယိုများ ရိုက်ကူးရာတွင် စတူရီယိုများမရှိကြောင်း၊ ပြင်ဦးလွင်အနီးတစ်ဝိုက်တွင် စတူရီယို ဆောက်လုပ်ရန် မြေဧက ၂ဝ ရရှိထားပြီးဖြစ်သော်လည်း ရန်ကုန်နှင့် အနီးတစ်ဝိုက်တွင် သင့်လျော်သော မြေနေရာရရှိပါက ပိုအဆင်ပြေမည်ဖြစ်ကြောင်း၊ ခိုင်မာသည့် မြန်မာ့ရုပ်ရှင်ဥပဒေ ပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း ထည့်သွင်းပြောကြားသည်။

မြို့များတွင် Town Plan နှင့် City Plan များရေးဆွဲနေကြောင်း၊ ၎င်းတို့၌ ရုပ်ရှင်ရုံများ ထည့်သွင်းတည်ဆောက်ရန် စီစဉ်မည်ဖြစ်ကြောင်း၊ ရုပ်ရှင်လောကကို နည်းပညာပံ့ပိုးပေးပြီး အခွန်အခများ ပြန်စိစစ်ပေးမည်ဖြစ်ကြောင်း၊ ခိုးကူးခွေများအား အစိုးရတစ်ခုတည်း သာမကဘဲ ပြည်သူများပါဝင်သည့် အဖွဲ့အစည်းတစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သင့်သည်ဟု ယူဆပြီး ထိရောက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြန်လည်ရှင်းလင်း ပြောကြားသည်။

“ပြင်ဦးလွင်မှာ စတူရီယိုလုပ်ဖို့ မြေဧက ၂ဝ လောက် ပေးထားပါတယ်။ ရန်ကုန်အနီးနားမှာလည်း ထိုက်သင့်တဲ့နေရာပေးဖို့ စဉ်းစားပါတယ်။ ပဲခူးနားတစ်ဝိုက်မှာ တစ်နေရာရှာကြည့်ပါမယ်။ နောက်တစ်ခုက ကျူးကျော်တွေနဲ့ ပတ်သက်ပြီး ပြဿနာမရှိတဲ့ ညောင်နှစ်ပင်မြို့နယ်နားဆိုရင် သိပ်တော့မဆိုးဘူး။ အဲဒီနားဆိုရင်တော့ ခင်ဗျားတို့လိုချင်တဲ့ ဧက ၅ဝ လောက်တင်မကဘူး။ ဧက ၁ဝဝ လောက်ကို ဖြစ်နိုင်မယ်ဆိုရင် ပြည့်ပြည့်စုံစုံပေါ့။ ဖြစ်နိုင်ရင် ရုပ်ရှင်မြို့တော်လို ဟာမျိုးပေါ့။ ဒါတွေကိုအမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတာ ကတိပြုပြောကြား လိုပါတယ်” ဟု ဦးသိန်းစိန်က ပြောသည်။

ထို့နောက် သဘင်ပညာရှင်များကိုယ်စား မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးဥက္ကဋ္ဌ ပန်တျာမြကြည်က သဘင်ဆိုင်ရာရုံးကို နေပြည်တော်တွင် တည်ဆောက်နိုင်ရန် ရုံးမြေနေရာနှင့် အဆောက်အအုံ ချထားပေးရန်၊ တိုင်းနှင့်ပြည်နယ်များရှိ သဘင်ပညာရှင် အစည်းအရုံးများ မြေနေရာရရှိရန်၊ ဘုရားပွဲတော်ကြီးများတွင် ဇာတ်ရုံမြေနေရာရရှိရန် လေလံဈေးနှုန်းကြီးမြင့် နေမှုအတွက် ကူညီပေးပါရန်စသည်ဖြင့် တင်ပြတောင်းဆိုခဲ့သည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးနှစ်မြို့တွင် ရုပ်ရှင်၊ ဂီတ၊ သဘင်အားလုံး ရာသီဥတုမရွေး အသုံးပြုနိုင်မည့် ခေတ်မီပြဇာတ်ရုံကြီးများ ဖြစ်မြောက်ရေးအတွက် အစိုးရအနေဖြင့် မတတ်နိုင်ပါက ပြည်ပအကူအညီများ ရယူရန်လိုကြောင်း၊ တရုတ်သည် အဆောက်အအုံများ ဆောက်လုပ်ကူညီပေးသည့် အစဉ်အလာရှိကြောင်း၊ တရုတ်နိုင်ငံဝန်ကြီးချုပ်ထံ ရလိုရငြား အကူအညီ တောင်းပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်သူများ အနေဖြင့်လည်း ရရှိရန်ဝိုင်းဝန်း ဆုတောင်းပေးစေလိုကြောင်း၊ အစိုးရဘတ်ဂျက်ဖြင့် ဆောက်လုပ်ရန် လွှတ်တော်သို့တင်ပြပါက လွှတ်တော်မှ ကြိုက်လိမ့်မည်ဟု မထင်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထို့ပြင် ဂီတမူပိုင်ခွင့်ဥပဒေကို အမြန်ဆုံးအတည်ပြုပြဋ္ဌာန်းပေးနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် တက်ရောက်လာသော ဂီတပညာရှင်များကိုယ်စား ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦးလေးက ဆိုသည်။

ယခုတွေ့ဆုံပွဲကို အဓိကဦးဆောင်စီစဉ်ခဲ့သူမှာ ဦးဇာဂနာဖြစ်ကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် ယခုကဲ့သို့ပင် အနုပညာရှင်များနှင့် တွေ့ဆုံရန် အဓိက ဆော်ဩခဲ့သူဖြစ်ကြောင်း သိရသည်။

ယခုတွေ့ဆုံပွဲအတွက် အခမ်းအနားမှူးများအဖြစ် ဦးအရိုင်းနှင့် သရုပ်ဆောင် ချောရတနာတို့က ဆောင်ရွက်ခဲ့သည်။

အခမ်းအနားသို့ တက်ရောက်ခဲ့သည့် အနုပညာရှင်များတွင် ဒါရိုက်တာမီးပွား၊ ဒါရိုက်တာဝင်းထွန်းထွန်း၊ လူမင်း၊ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ စွမ်းဇာနည်၊ ဟန်ဇာမိုးဝင်း၊ ဦးအောင်လွင်၊ ငှက်ပျော်ကျော်၊ ဇော်ပိုင်၊ စည်သူလွင်၊ ချိုပြုံး၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင် စသူတို့ တက်ရောက်ခဲ့ကြသည်။

Eleven Media