ဖုန်းထဲက ညစ်ညမ်းပုံတွေပြသ၍ ၄ တန်းကျောင်းသူ ၂ ဦးကို မဖွယ်မရာပြုလုပ်သည့် ကျောင်းဆရာ အတိုင်ခံရ

ပို့စ်တင်ချိန် - 7/13/2014 06:21:00 PM




စစ်ကိုင်း၊ မဇ္ဈိမ။ ။ အသက် (၉) နှစ်အရွယ် စတုတ္တတန်းကျောင်းသူနှစ်ဦးကို အတန်းပိုင်ကျောင်းဆရာက နှိပ်ခိုင်းကာ လက်ကိုင်ဖုန်းအတွင်းမှ ညစ်ညမ်းဓါတ်ပုံများပြသ၍ မဖွယ်မရာပြုမှုတစ်ခုအား စစ်ကိုင်းမြို့မရဲစခန်းမှ ဇူလိုင် ၁ဝ ရက် ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က အမှုဖွင့်အရေးယူခဲ့သည်။

စစ်ကိုင်းမြို့နယ်၊ နတ်ခရိုင်ကျေးရွာရှိ မူလွန်စာသင်ကျောင်း၌ အသက်(၃၅)နှစ်အရွယ် စတုတ္တတန်းအတန်းပိုင်ဆရာတစ်ဦးသည် ဇူလိုင် ၃ ရက်က ကျောင်းစာသင်ခန်း အတွင်းရှိ စာသင်ခုံတွင် စာသင်ရန်ထိုင်နေသော အသက်(၉)နှစ်အရွယ် ကျောင်းသူတစ်ဦးကို စားပွဲခုံရှိရာ ခေါ်ဆောင်၍ နှိပ်ခိုင်းခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ထို့နောက် ကျောင်းဆရာက ကျောင်းသူမလေးကို မဖွယ်မရာ ကိုင်တွယ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ထို့နေ့ညနေပိုင်း ကျောင်းဆင်း၍ နေအိမ်ရောက်ချိန်တွင် မိခင်ဖြစ်သူကို ပြန်လည် ပြောပြခဲ့သည်ဟု ဆိုသည်။

အဆိုပါ ကျောင်းဆရာသည် ၎င်းနေ့က အခြားကျောင်းသူမလေးတစ်ဦးကိုလည်း အထက်ပါအတိုင်း ပြုလုပ်ခဲ့သည်ဟုဆိုသည်။

ကျောင်းသူမလေး၏ မိခင်က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုစန်း၊ နတ်ခရိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုဝင်းနှင့် ကျေးရွာကျောင်းကော်မတီ လူကြီးများတွေ့ဆုံ ညှိနှိုင်းကာ အတန်းပိုင်ကျောင်းဆရာကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးရန် စစ်ကိုင်းမြို့မ ရဲစခန်းသို့ ဇူလိုင် ၁ဝ ရက်က သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်တန်းချက်အား ရဲစခန်းက(ပ) ၂၉၂/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃၅၄ အရ အမှုရေးဖွင့်ပြီးနောက် အမှုနှင့် ပတ်သက်၍ ရဲအုပ် ထိန်လင်းမှ စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

Mizzima