မွန်ပြည်နယ် ကျိုက်ထီးဆောင်းစေတီ ရင်ပြင်တွင် ၀ိုင်ယာကြိုးပေါက်နှင့်ထိနေသော သံပန်းကိုထိမိရာမှ ဓာတ်လိုက်ပြီးနှစ်ဦးသေဆုံး

ပို့စ်တင်ချိန် - 7/13/2014 06:22:00 PM


မွန်ပြည်နယ်၊ ကျိုက်ထီးဆောင်းစေတီ ရင်ပြင်ပေါ်တွင် ဝိုင်ယာကြိုးပေါက်ကို ထိမိရာမှ အမျိုး
သားနှစ်ဦး ဓာတ်လိုက်သေဆုံးမှု ဇူလိုင် ၁ဝရက်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။



အဆိုပါဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်း၌ လျှပ်စစ်ဓာတ်လိုက်မှုဖြင့် သေဆုံးသူ ၃၃ ဦးခန့် ရှိလာပြီဖြစ်သည့်အတွက် လျှပ်စစ်ဝန်ကြီးဌာန၌ တာဝန်ရှိလာပြီဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများ ထွက်ပေါ်နေသည်။

မွန်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာ၊ ကျိုက်ထီးဆောင်းစေတီသို့ ဘုရားဖူးရန် လာရောက်သော  ပေါင်မြို့နယ် မုတåမမြို့ ပုသိမ်ကွင်းရပ်ကွက်နေ ထက်မြက်အောင် ၁၂ နှစ် သည် စေတီတော် အနောက်မြောက်ထောင့် အရောက်တွင် အလှဆင်လျှပ်စစ်မီးသီးများ  သွယ်တန်းထားသည့်ဝိုင်ယာကြိုးမှာ ပေါက်နေပြီး လိပ်ကန်တွင် ကာရံထားသော စတီးသံပန်းသို့ လျှပ်စစ်စီးဝင်နေသည်ကို မသိရှိဘဲ ယင်းသံပန်းကို တံတောင်ဖြင့် ထောက်မိပြီး ဓာတ်လိုက်ကြောင်း သိရသည်။

ယင်းသို့ ဓာတ်လိုက်နေစဉ် ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာနေ မောင်ဟိန်းစိုး ၁၇ နှစ်က ဝင်ရောက်ဆွဲရာ ၎င်းတို့နှစ်ဦးစလုံး စေတီရင်ပြင်ပေါ်တွင် ဓာတ်လိုက်သေဆုံး သွားကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ကို တောင်စွန်းနယ်မြေ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ်(၁၂/၂ဝ၁၄) ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီခန့်က လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုကြောင့် ဈေးအတွင်း ဈေးဝယ်နေသူ အမျိုးသမီးသုံးဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးခဲ့သော အမျိုးသမီးသုံးဦးအနက် သေဆုံးသူအမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်တင်တင်ဝင်း၏ ခင်ပွန်းဖြစ်သူကမူ လျှပ်စစ်ဌာနအနေဖြင့် ၎င်းတို့စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကာ မ ဆောင်ရွက်ပေးပါက တရားစွဲဆိုသည်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သူတစ်ဦးကလည်း ယခုဓာတ်ကြိုးများ ပြတ်ကျမှုကြောင့် အပြစ်မဲ့ပြည်သူတွေ သေနေတာဟာ လျှပ်စစ်ဝန်ကြီးဌာနနှင့် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်ဌာနတွေမှာ အဓိကတာဝန်ရှိကြောင်း၊ ဖြစ်ခဲ့တဲ့ မှုခင်းဖြစ်စဉ်တွေများအား သေမှုသေခင်းအဖြစ်သာ ရေးဖွင့်ခြင်းထက် လျှပ်စစ်ဝန်ကြီးဌာနက တာဝန်ရှိသူများကို တရားစွဲဆိုသင့်ကြောင်း၊ ပြည်သူများ၏ ထိခိုက်နစ်နာမှုကို ကိုယ်ချင်း စာစိတ်ထားပြီး အကောင်းဆုံး လုပ်ဆောင် ပေးသင့်ကြောင်း သုံးသပ်ကာ လျှပ်စစ်ဝန်ကြီး ဌာနသို့ ဝေဖန်ပြောကြားခဲ့သည်။

ထို့ပြင် ဇွန် ၂၁ ရက် ညနေပိုင်းကလည်း ရန်ကုန်မြို့ ကမာရွတ်မြို့နယ် လှည်းတန်း ဈေးအနီး မိုးသည်းထန်စွာ ရွာသွန်းနေချိန် ၌  ဟောင်းနွမ်းဓာတ်ကြိုး ပြတ်ကျရာမှ  အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိ ခဲ့သည်။

ဆက်လက်ပြီး ဇွန် ၃ဝ ရက် ညနေပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ဌ) ရပ်ကွက် ၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် အမျိုး သားတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ယင်းသို့ မိုးဦးရာသီမှ မိုးလယ်ရာသီ သို့ ရောက်ရှိချိန်ထိ လျှပ်စစ်ကြောင့် သေဆုံးမှုများ မကြာခဏဆိုသလို ဆက်တိုက်ဖြစ်ပွား လာခဲ့ရာ သွယ်တန်းထားသော လျှပ်စစ်ဓာတ်ကြိုးများ၏ ကြံ့ခိုင်မှုအပေါ် ပြည်သူများ၏ စိုးရိမ်မှုမှာ တစ်စတစ်စ မြှင့်တက်လာနေသည်ကို တွေ့ရသည်။

Eleven Media Group