တိုင်းပြည်ရဲ့ ပြဿ နာတွေ ဖြေရှင်းပြီးရင် စစ်တပ်က တပ်နေရာပြန်မည်ဟု ထိုင်းစစ်တပ်ပြော

ပို့စ်တင်ချိန် - 5/31/2014 07:53:00 PM


ထိုင်းအာဏာသိမ်း ဗိုလ်ချုပ်ကြီးက အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေအတွက် အနည်းဆုံး ၁ နှစ်လောက်ကြာနိုင်ပြီး အဲ့ဒါနောက်မှာ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ မေလ ၃၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ ဘယ်လိုမှ ရှေ့ဆက်မသွားနိုင်တော့တဲ့ ပြဿနာတွေကို ဖြေရှင်းပြီးရင် စစ်တပ်က စစ်တပ်နေရာပြန်မှာ ဖြစ်တယ်လို့လည်း ပြောဆိုပါတယ်။

မေလ ၃၀ ရက်နေ့က ရုပ်မြင်သံကြားကနေ တိုင်းပြည်ကို ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ထိုင်းစစ်တပ်က အချိန်၁နှစ်နဲ့ ၃ လ အချိန်ယူဖို့ သတ်မှတ်ထားပြီး ပထမ ၃ လက အမျိုးသားရင်ကြားစေ့ရေးကို အဓိကထားဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့အချိန်ကာလ ၁ နှစ်မှာ ကြားဖြတ်အစိုးရက နိုင်ငံရေးပြုပြင်ပြောင်းလဲရေးတွေကို အကောင်အထည်ဖော်မှာဖြစ်ပါတယ်။ အဲ့ဒီလုပ်ငန်းစဉ်နှစ်ခုပြီးစီးရင် ရွေးကောက်ပွဲကို ကျင်းပပေးပြီး စစ်တပ်က မူလနေရာကို ပြန်မှာဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီကာလအတွင်း ဆန္ဒပြတောင်းဆိုမှုတွေကို လက်ခံမှာမဟုတ်ဘူးလို့လည်း ထိုင်းကာကွယ်ရေးဦးစီးချုပ်က သတိပေးပါတယ်။

မေလ ၂၂ ရက်နေ့က ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့အပြီး နိုင်ငံရေးခေါင်းဆောင်တွေနဲ့ ထိုင်းနိုင်ငံရဲ့ အထင်ကရပညာရှင်တချို့ကို ထိန်းသိမ်းခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ သတိပေးတားမြစ်မှုတွေလုပ်ပြီး ရက်သတ္တပတ် ၁ ပတ်အတွင်း ထိန်းသိမ်းခံရသူ ၃၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

မေ ၃၀ ရက်နေ့ကတော့ စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားတဲ့ ဘန်ကောက်မြို့က အဓိကလမ်းဆုံတခုကို ဆန္ဒပြပွဲတွေမဖြစ်အောင် ၂ ရက်ဆက် ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။

DVB Burmese