ဝန်ကြီးချုပ်ဟောင်းယင်လပ်နှင့် အစိုးရဟောင်းအဖွဲ့ဝင်များ၏ ဘဏ်စာရင်းများ စစ်ဆေးခံရ

ပို့စ်တင်ချိန် - 6/05/2014 01:27:00 PM


ဟင်္သာနီ (မွန်မြေ)

ဝန်ကြီးချုပ်ဟောင်း ယင်လပ်အစိုးရ သက်တမ်းကာလအတွင်း တောင်သူလယ်သမားများထံမှ စပါးဝယ်ယူထားပြီး ပြန်ပေးရမည့် စပါးကြွေးငွေကိစ္စများတွင် လာဘ်စားမှု ရှိမရှိ စုံစမ်းစစ်ဆေးရန်အတွက် ၀န်ကြီးချုပ် ဟောင်းယင်လပ် အပါအ၀င် အစိုးရဟောင်းအဖွဲ့ဝင် အခြားငါးဦး၏ ဘဏ်စာရင်းများကို စစ်ဆေးသွားမည်ဟု ထိုင်းအမျိုးသားလာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင် NACC မှလက်ထောက်အတွင်းရေးမှူးချုပ် မစ္စတာ ဝေါ်ရ၀စ်စုဘွန်က မေလ ၃ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။

“လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ ဘဏ်စာရင်းဆိုင်ရာ အချက်အလက်၊ စာရွက်စာတမ်းတွေ ကို ရထားပြီး ဖြစ်ပါတယ်၊ ဒီအချက်အလက်တွေနဲ့ စပါးကြွေးငွေကိစ္စတွေမှာ လာဘ်စားမှု ရှိ မရှိ ဆိုတာ စိစစ်နေပါတယ်” ဟု လာဘ်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက် အတွင်းရေးမှူးချုပ် မစ္စတာဝေါ် ရ၀စ်စုဘွန်က ထိုင်းမီဒီယာများအား ပြောကြားခဲ့သည်။

စစ်ဆေးခြင်းခံရသည့် ပုဂ္ဂိုလ်များတွင် ၀န်ကြီးချုပ်ဟောင်းယင်လပ်၊ ယခင် ဒု-၀န်ကြီးချုပ် နိုင်ကီတိရာဒ်နရ နွန်နှင့် အိမ်စောင့် အစိုးရ၀န်ကြီးချုပ်ဟောင်း နိုင်ဝိ၀ါဒ်ထာမ် ရွန် ဗွန်းဆွမ်ဖိုင်ဆန်တို့၏ ဘဏ်စာရင်းများ ပါဝင်သည်။

ထို့အပြင် ယခင်ကုန်သွယ်ရေးဝန်ကြီး ဌာန၀န်ကြီးဟောင်း ဘွန်ဆွန်ထရီယဖိရွန်၊ ကုန်သွယ်ရေး ဒု-၀န်ကြီး ဟောင်း နိုင်ယာန် ယွန်ပူအန်ရာဒ်တို့၏ ဘဏ်စာရင်း စာအုပ်များ၏ ငွေဝင်ငွေထွက် စာရင်းများကိုလည်း စစ်ဆေးသွားမည် ဖြစ်သည်။ လတ်တလောတွင်လည်း ၎င်းတို့၏ ဘဏ်စာရင်းများတွင် ငွေဝင်ငွေထွက်ပြု လုပ်မှုများကိုလည်း ခေတ္တဆိုင်းငံထားမည်ဖြစ်ကာ အကယ်၍ ပတ်သက်မှုရှိကြောင်း တွေ့ရှိပါက တရားစွဲခံ ရမည့် အနေအထား၌ ရှိနေသည်။

၎င်းတို့ငါးဦး၏ ဘဏ်စာရင်းများကို အဓိကထား၍ ငွေဝင်ငွေထွက် စာရင်းဇယား အချက်အလက်များအား စစ်ဆေးသွားမည် ဖြစ်သော်လည်း ဆက်စပ်မှုရှိလာမည့် အခြားဘဏ်စာရင်းများကိုလည်း စစ်ဆေးသွား မည် ဖြစ်သည်။

မေလ ၂၂ရက်တွင် စစ်တပ်မှအာဏာသိမ်းခဲ့ပြီး နောက်တွင်လည်း ဆန်စပါး ကြွေးငွေကိစ္စများတွင် လာဘ် စားမှု ပြဿနာ ကို ဦးစားပေးကိုင်တွယ်ခဲ့ကာ ပြီးခဲ့သည့် မေလ ၂၆ ရက်မှစ၍ ထိုင်းစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေး သမ၀ါယမဘဏ် BAAC မှတစ်ဆင့် လယ်သမား စပါးကြွေးငွေများအား အာဏာသိမ်းစစ်တပ်မှ ခွင့်ပြုချက် ဖြင့် စတင် ပေးအပ်ခဲ့သည်။

မေလ ၂၆ ရက်မှစ၍ ၃၁ ရက်အထိ စပါးကြွေးပေးရန်ရှိသည့် လယ်သမားများအနက် ၃၄၅,၆၄၇ ဦးတို့အား စပါးကြွေးဘတ်ငွေ ၃၄ ဘီလီယံကျော် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ကျန်ရှိနေသေးသည့် စပါးကြွေးများကို ယခု ဇွန်လ ၂၂ ရက် နောက်ဆုံးထား၍ ပေးအပ်သွားမည် ဖြစ်သည်။ လယ်သမား ၈၃၀,၀၀၀ ဦးအား စပါးကြွေး ဘတ်ငွေ သန်း ကိုးသောင်းပေးရန် ယခင် အစိုးရဟောင်းတွင် ကျန်ရှိနေခဲ့ခြင်း ဖြစ်သည်။

Mizzima Burmese