ထိုင်းအခြေအနေ အာဆီယံဥက္ကဋ္ဌ မြန်မာ ထောက်ခံ

ပို့စ်တင်ချိန် - 6/05/2014 07:07:00 PM



ထိုင်းနိုင်ငံ အခြေအနေကို လက်ရှိ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ မြန်မာက ထောက်ခံတယ်လို့ ထိုင်း နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကောင်စီ (NCPO) က ပြောပါတယ်။

ဇွန် ၂ ရက်နေ့က ထိုင်းနိုင်ငံခြားရေး ၀န်ကြီး အမြဲတမ်း အတွင်ရေးမှူး ဆီဟာဆတ် ပေါင်ကပ်ကွေး (Sihasak Puangketkaew)က မြန်မာနိုင်ငံကို သွားရောက်ပြီး ထိုင်းနိုင်ငံ ပုံမှန်ဖြစ်ရေးအတွက် စစ်ကောင်စီရဲ့ လမ်းပြမြေပုံကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ၀ဏ္ဏမောင်လွင်နဲ့ တွေ့ဆုံရှင်းပြခဲ့ရာက ထောက်ခံချက်ရရှိတာ ဖြစ်တယ်လို့ NCPO ပြောခွင့်ရ ယောင်ယွတ် မေယလပ် (Yongyuth Mayalarp)က ပြောပါတယ်။

“ထိုင်းဟာ မြန်မာရဲ့ အိမ်နီးချင်းဖြစ်သလို အရေးကြီးတဲ့ အတွက် ထိုင်းရဲ့ အခြေအနေကို မြန်မာ အစိုးရက စောင့်ကြည့်နေပါတယ်။ မြန်မာက ထိုင်းအခြေအနေကို နားလည်သလို ၀င်မစွက်ဖက်ရေး မူဝါဒကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ အထူးသဖြင့် တခြား အာဆီယံအဖွဲ့တွေနဲ့ ဆက်ဆံရေးနဲ့ အာဆီယံ သတ်မှတ်ချက်ဘောင်အတွင်းမှာ မြန်မာက လိုလို လားလား ထောက်ခံသလို ထိုင်းအပေါ်မှာလည်း မြန်မာက ယုံကြည်မှုရှိပါတယ်။”

ထိုင်းရဲ့စစ်အစိုးရသစ်ကို တရုတ်နဲ့ ဗီယက်နမ်တို့က ထောက်ခံကြောင်း ပြောဆိုခဲ့ပေမယ့် မေ ၂၂ ရက် အာဏာသိမ်းပြီးနောက် အမေရိကန် ပြည်ထောင်စုက ထိုင်းနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ရုတ်သိမ်းခဲ့သလို ဥရောပသမဂ္ဂကလည်း နိုင်ငံရေး အကျဉ်းသား လွတ်ပေးဖို့နဲ့ ဆင်ဆာကို ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

သြစတြေးလျက နိုင်ငံက စစ်တပ်ခေါင်းဆောင်တွေ သူတို့နိုင်ငံလာရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ချက်တွေကို ဖြတ်တောက်ခဲ့ပါတယ်။

NCPO ပြောခွင့်ရက အမေရိကန် သြစတြေးလျနိုင်ငံတွေက စစ်ရေးလေ့ကျင်မှုတွေက လွဲပြီး ကျန်တဲ့ စစ်ရေး လေ့ကျင်မှုတွေကတော့ ရှိနေမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအာဏာသိမ်းမှုဟာ ခြောက်လကြာ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုအပြီး တိုင်းပြည်ပြန်လည် တည်ငြိမ်ရေးအတွက် ဆောင်ရွက်တာဖြစ်တယ်လို့ စစ်တပ်က ကြေညာပါတယ်။

DVB