တရားသူကြီးချုပ်၏ စီရင်ချက်ကို ပြန်လည် သုံးသပ်ပေးရန် MDCF တောင်းဆို

ပို့စ်တင်ချိန် - 6/05/2014 01:31:00 PM



မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ ရပ်ကွက်ရှိ နေအိမ် (၄၈) လုံးကို မန္တလေးမြို့တော် စည်ပင်မှ ကျူးကျော်အဖြစ် သတ်မှတ်ကာ ဘူဒိုဇာဖြင့် ထိုးကာ ဖြိုဖျက်ခဲ့မှုကြောင့် ဦးဆောင် ဆန္ဒထုတ်ဖော် ခဲ့သည့် တက်ကြွ လှုပ်ရှားသူ ကိုအေးသိန်းနှင့် နေအိမ်ပိုင်ရှင် ရှစ်ဦး တို့ကို ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့သူ ကိုအေးသိန်းသည် ၂၀၁၃ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က အချုပ်ခံခဲ့ရပြီး၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက် နေ့မှ ၂၀၁၄ခုနှစ် မေလ (၂၃) ရက်နေ့ အထိ အာမခံဖြင့် ပြန်လွှတ်ခဲ့သည်။ တရားသူကြီး၏ စီရင်ချက်တွင် ထောင်ဒဏ်မှ အချုပ်ရက် များကို နုတ်ပယ်ရန် ပါရှိကြောင်း မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တရားရုံးမှ ချမှတ်သည့် ထောင်သို့ ပို့အပ်သည့် ထောင်မိန့်တွင် ဖော်ပြပါရှိသည်။

ကိုအေးသိန်းလွတ်ရက် ရောက်လို့ အိုးဘိုထောင်ကို ကျွန်တော်တို့ သွားပါတယ်။ ကိုအေးသိန်းရဲ့ လွတ်ရက်က တစ်ရက်တောင် ကျော်သွား ပြီ။ ဘာ့ကြောင့် မလွတ်သေးတာလဲလို့ ကျွန်တော်တို့ သွားရောက် မေးမြန်းတဲ့ အခါမှာ သက်ဆိုင်ရာ ထောင်မှာ တာဝန်ရှိတဲ့ လူတွေက ထွက်လာပြီးရှင်းပြ ပါတယ်။ ကိုအေးသိန်းရဲ့ ချုပ်ရက်တွေကို အသိအမှတ် မပြုတဲ့ စာဖြစ်ပါတယ်။ ဒါဟာ အချုပ်ရက်တွေ ကို ပလပ်လိုက်တဲ့ သဘောပါပဲ။ အဲဒီတော့ အများသူ ငါရှေ့မှာ ပွင့်လင်း မြင်သာမှု ရှိအောင် တရားသူကြီးက ချမှတ်ပြီးသား အမိန့်တစ်ခု ကို နောက်ထပ်လေးရက်လောက် အကြာမှာ ဘယ်သူမှ မသိအောင် နောက်ထပ်အမိန့် တစ်ခုပို့ပြီးတော့ ကိုအေးသိန်းကို မလွှတ်ပေးတာဟာ တရားဥပဒေ အတွက် တော်တော့်ကို စဉ်းစားစရာ ဖြစ်သွားပါပြီ ဟု မြန်မာနိုင်ငံ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့  MDCF (မန္တလေး) ကိုသိန်းအောင်မြင့် က ပြောသည်။

တရားရေးမဏ္ဍိုင်၏ ထိုကဲ့သို့ ဖြစ်ပျက် နေမှုများ အတွက် ချမ်းမြသာစည်မြို့နယ် တရားရုံးသို့ လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး တရားရုံးသို့ လည်းကောင်း ဆန္ဒပြခွင့် အတွက် တရားဝင် စာတင်ခဲ့သော်လည်း ခွင့်ပြုမိန့် မရရှိခဲ့သည့် အတွက် တရားရုံးရှေ့တွင် တောင်းဆိုရခြင်း ဖြစ်ကြောင်း ၄င်းက ပြောသည်။ ယင်းကဲ့သို့ တောင်းဆိုခဲ့ရာတွင် ချမ်းမြသာစည် တရားသူကြီးက လာရောက်တွေ့ဆုံခြင်း မရှိခဲ့ဘဲ လာမည့် ဇွန်လ (၅) ရက်နေ့တွင် တွေ့ဆုံရန် တရားရုံးဝန်ထမ်းများမှ တစ်ဆင့် ပြောဆိုခဲ့ကြောင်း မြန်မာနိုင်ငံ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့ ထံမှ သိရသည်။

နေအိမ်များ ဘူဒိုဇာဖြင့်ထိုးကာ ဖြိုဖျက်ခံခဲ့ရမှု အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြ သူများကို ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် တရားစွဲဆိုခံခဲ့ ရခြင်း ဖြစ်သည်။ စတင် တရားစွဲဆိုခံခဲ့ရသည့် ၂၀၁၃ ခုနှစ် မတ်လ (၃) ရက်နေ့မှ စတင်ကာ (၁၄) ရက်လျှင် တစ်ကြိမ် ရုံးချိန်းဆင့် ခေါ်ခဲ့ပြီး နောက် တစ်နှစ်ကျော် အကြာ ၂၀၁၄ ခုနှစ် မေလ (၂၃) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ထောင်ဒဏ် (၆) လစီကျခံစေရန် မြို့နယ်တရားရုံးမှ စီရင်ချက်ချမှတ်ခံ ခဲ့သည်။ အဆိုပါ နေအိမ်ဖြိုဖျက်မှု ဖြစ်စဉ်သည် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မတ်လ (၃) ရက်နေ့ က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


Messenger News Journal