ဗြိတိန်အမျိုးသမီး၏ MH 370 နှင့်ပတ်သက်သော ပြောကြားချက်ကို သြစတြေးလျအစိုးရ စတင်စုံစမ်း

ပို့စ်တင်ချိန် - 6/05/2014 07:11:00 PM




ကက်သရင်းတီးနှင့် ၎င်း၏ အမျိုးသား (Photo: Jeremie Schatz/Phuket Gazette)
သြစတြေးလျအစိုးရသည် အိန္ဒိယသမုဒ္ဒရာအထက်တွင် မီးလောင်နေသည့် မလေးရှားလေယာဉ် MH 370 ကို တွေ့မြင်ခဲ့သည်ဟုဆိုသော ဗြိတိန်အမျိုးသမီးကက်သရင်းတီး၏ ပြောကြားချက်ကို စတင်စုံစမ်းနေပြီဖြစ်သည်။

မလေးရှားအစိုးရ၏ မေတ္တာရပ်ခံချက်အရ ပျောက်ဆုံးလေယာဉ်ရှာဖွေမှုကို ဦးဆောင်နေသော သြစတြေးလျသယ်ယူပို့ဆောင်မှု ဘေးအန္တရာယ်ကင်းရှင်းရေးအဖွဲ့ (ATSB) က ကက်သရင်းတီး၏ ပြောကြားချက်ကို ယခုသီတင်းပတ်အတွင်း ပြန်လည်ဆန်းစစ်သွားမည် ဟု ပြောသည်။

‘‘MH 370 လေယာဉ်ပျောက်သွားတဲ့ ညမှာ အိန္ဒိယသမုဒ္ဒရာအထက်ကောင်းကင်မှာ မီးလောင်နေတဲ့ လေယာဉ်တစ်စီးလို့ ယူဆရတဲ့ အရာကို တွေ့တယ်ဆိုပြီး ပြောတဲ့ သတင်းတစ်ခု ATSB အဖွဲ့က ရထားပါတယ်။ အဲဒီသတင်းကို ပြန်လည်ဆန်းစစ်နိုင်အောင်လို့ ATSB ရဲ့ MH 370 ရှာဖွေရေးမဟာဗျူဟာအဖွဲ့ကို ပေးပို့ထားပါတယ်’’ဟု ATSB ပြောရေးဆိုခွင့်ရသူတစ်ဦးက အေအက်ဖ်ပီသတင်းသို့ အီးမေးလ်တစ်စောင် ပေးပို့၍ပြောကြားခဲ့သည်။

—Ref:AFP
7day daily