သံတွဲပဋိပက္ခ ဖြစ်စဉ်တွင် သံသယရှိသူ ၈၀ ဦးကို ဖမ်းဆီးစစ်ဆေးနေပြီး ထုတ်ပြန်ထားသည့် ပုဒ်မ ၁၄၄ အချိန်အား လျော့ချရန် စီစဉ်

ပို့စ်တင်ချိန် - 10/26/2013 04:55:00 PM


ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခ ဖြစ်စဉ်တွင် နောက်ကွယ်မှ အကွက်ချ စီစဉ်ခဲ့သူများ အပါအ၀င်၊ ဖြစ်စဉ်၌ ပါဝင်ကျူးလွန်ခဲ့သူ ၈၀ ဦးကို ဖမ်းဆီး စစ်ဆေးနေကြောင်း သိရသည်။

ထို့အပြင် အဆိုပါပဋိပက္ခ ဖြစ်စဉ်ကြောင့် သံတွဲမြို့နယ်အတွင်း ည ၆ နာရီမှ မနက် ၆ နာရီအထိ အပြင်မထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားမှုမှ အချိန်လျှော့ချရန် သံတွဲမြို့နယ် အုပ်ချုပ်ရေးမှူးမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

သံတွဲပဋိပက္ခဖြစ်စဉ် စတင်ဖြစ်ပွားခဲ့သည့် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂၄ ရက်အတွင်း ဖမ်းဆီးစစ်ဆေးနေသည့် ၈၀ ဦးမှာ ယင်းဖြစ်စဉ်ကို နောက်ကွယ်မှ အကွက်ကျ စီစဉ်သူများ၊ လူသတ်မှု၊ မီးရှို့ဖျက်ဆီးမှုနှင့် အများအကျိုး ဖျက်ဆီးမှု စသည်တို့ကို ကျူးလွန်သည်ဟု သံသယရှိသူများ ဖြစ်ကြောင်း သိရသည်။

''အခုသံတွဲမြို့ အခြေအနေကတော့ အားလုံးတည်ငြိမ် အေးချမ်းနေပါတယ်။ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ အမိန့်ရဲ့ သက်ရောက်တဲ့ ည ၆ နာရီကနေ မနက် ၆ နာရီ အပြင်မထွက် ရဘူးဆိုတဲ့ အချိန်အစား ည ၆ နာရီကနေ မနက် ၅ နာရီအချိန် ပြောင်းလဲဖို့ တင်ပြထားတယ်လို့ သိရတယ်'' ဟု သံတွဲခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်တင့်က ပြောကြားခဲ့သည်။

သံတွဲမြို့၏ ပဋိပက္ခဖြစ်စဉ်ကို စက်တင်ဘာ ၂၉ ရက်က သံတွဲမြို့နယ် ခန်းမရှေ့တွင် ကမန်လူမျိုးတစ်ဦး ဖွင့်ထားသည့် ဈေးဆိုင်ရှေ့၌ ရခိုင်လူမျိုး တစ်ဦးက သာသနာ့အလံ ထောင်ထားသည့် သုံးဘီးဆိုင်ကယ်ကို ခေတ္တရပ်ထားပြီး ဈေးဝယ်နေစဉ် ဆိုင်ပိုင်ရှင် ကမန်လူမျိုးက ''သာသနာ့အလံ ထောင်ထားတဲ့ ဆိုင်ကယ် ငါ့ဆိုင်ရှေ့မှာ လုံးဝမရပ်နဲ့၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်'' ဆိုကာ ခိုင်းနှိုင်းဆဲဆို လိုက်သည့်အပေါ် မကျေနပ်သည့် ရခိုင်လူမျိုးက ရဲစခန်းသို့ သွားရောက် အမှုဖွင့် တိုင်ကြားခဲ့မှုမှ စတင်ခဲ့ကြောင်း သံတွဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဖမ်းဆီးထားသူ ၈၀ ဦးကို သံတွဲမြို့နယ် တရားရုံးတွင် စစ်ဆေးနေပြီး သံတွဲထောင်နှင့် ရဲစခန်း အချို့တွင် ထားရှိထားကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်း လူငါးဦး သေဆုံးခဲ့ကာ လေးဦးဒဏ်ရာ ရရှိခဲ့ကြောင်း၊ မီးလောင်မှုကြောင့် အိမ်ခြေ ၁၁၁ လုံး ဆုံးရှုံးခဲ့ပြီး လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ကြောင်း၊ သံတွဲခရိုင် သတင်းနှင့် ပြန်ကြားရေး ဆပ်ကော်မတီမှ သိရသည်။

(အောက်တိုဘာ ၆ ရက်က သံတွဲမြို့နယ်အတွင်း မီးလောင်မှုကြောင့် ပျက်စီးသွားမှု မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်))
Eleven Media Group