ကညနမှ ယာဉ်အိုယာဉ်ဟောင်း မှတ်ပုံတင် ဖျက်သိမ်းမှု၊ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှုနှင့် ကနဦး မှတ်ပုံတင် ထုတ်ပေးမှု အရေအတွက် မော်တော်ယာဉ်စီးရေ သုံးသိန်းကျော်ရှိလာ

ပို့စ်တင်ချိန် - 10/26/2013 12:34:00 PM

(ဖျက်သိမ်းပြီးယာဉ်များ စုပုံထားသည်ကို တွေ့ရစဉ်)

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်အိုယာဉ်ဟောင်းများ ဖျက်သိမ်းမှု၊ အစားထိုးယာဉ်ပါမစ် ထုတ်ပေးမှုနှင့် ကနဦး မှတ်ပုံတင် ထုတ်ပေးမှု အရေအတွက်မှာ အောက်တိုဘာ ၂၄ ရက်အထိ မော်တော်ယာဉ်စီးရေ သုံးသိန်းကျော်ထိ ရှိလာပြီး အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူစီးယာဉ်အတွက် အများဆုံး ဆောင်ရွက်ပေးခဲ့ရပြီး ခရီးသည်တင်ယာဉ် အရေအတွက်မှာ အနည်းဆုံး ဖြစ်ကြောင်း သိရသည်။

ယာဉ်အို ယာဉ်ဟောင်းများ မှတ်ပုံတင် ဖျက်သိမ်းမှု အခြေအနေမှာ အောက်တိုဘာ ၂၄ ရက်အထိ လူစီးယာဉ် ၁၀၃၃၁၅ စီး၊ ကုန်တင်ယာဉ် ၆၉၃၂ စီး၊ ခရီးသည်တင် ယာဉ် ၂၃၉၆ စီး စုစုပေါင်း ၁၁၂၆၄၃ စီး ရှိကြောင်း၊ အစားထိုးယာဉ် ပါမစ်ထုတ်ပေးမှုမှာ လူစီး ၁၀၁၈၀၈ စီး၊ ကုန်တင်ယာဉ် ၆၂၈၆ စီး၊ ခရီးသည်တင် ယာဉ် ၂၅၉၀ စီး စုစုပေါင်း ၁၁၀၆၈၄ စီး ရှိကြောင်း၊ အစားထိုးယာဉ် ကနဦး မှတ်ပုံတင်ပေးမှုမှာ လူစီး ၉၇၁၂၉ စီး၊ ကုန်တင် ၄၇၆၆ စီး၊ ခရီးသည်တင် ၁၉၁၉ စီး စုစုပေါင်း ၁၀၃၈၁၄ စီး ရှိကြောင်း သိရသည်။ လုပ်ငန်းသုံးခု အတွက် ကညနမှ ဆောင်ရွက်ပေးခဲ့သည့် စုစုပေါင်း ယာဉ်စီးရေ ၃၂၀၀၀၀ ကျော်ရှိသည်။

ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော သက်တမ်းကြာ ယာဉ်အိုယဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှ အစားထိုး တင်သွင်းခွင့် ပြုခြင်းကို ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်တို့ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံ အစားထိုးလဲလှယ်ရေးနှင့် ပတ်သက်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ် အစားထိုး တင်သွင်းခွင့်ပါမစ် ထုတ်ပေးခြင်းကို ၂၀၁၁ ခုနှစ်မှစ၍ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

ပြည်ပမှ မော်တော်ကားများ တိုက်ရိုက် ၀ယ်ယူတင်သွင်းရန် အခက်အခဲ ရှိသူများအား ပြည်တွင်း မော်တော်ကား အရောင်းစင်တာများတွင် ၀ယ်ယူနိုင်ရန်အတွက် Sale Center များတွင် ၀ယ်ယူခွင့် ပါမစ်များအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှစ၍ စတင်ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံခြားငွေ ရရှိထားသူများ ဖြစ်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်း ဆောင်ရွက်နေသော ကုမ္ပဏီ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ နိုင်ငံခြားတွင် ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့သည့် သံတမန် ၀န်ထမ်းများအတွက် ပြည်ပမှ လူစီးမော်တော်ယာဉ် တင်သွင်းရန် သက်ဆိုင်ရာ ၀န်ကြီးဌာနတိ့၏ စိစစ်ထောက်ခံ ပေးပို့ချက်ဖြင့် မော်တော်ယာဉ်သွင်းကုန် ပါမစ်များကို ဆောင်ရွက်ပေးခဲ့သည်။

Eleven Media Group