ဆွီဒင်ဂီတအဖွဲ့ ABBA မြန်မာနိုင်ငံသို့ နိုဝင်ဘာလကုန်တွင် လာရောက်ဖျော်ဖြေမည်

ပို့စ်တင်ချိန် - 10/26/2013 12:35:00 PM


ဆွီဒင်ဂီတအဖွဲ့ ABBA သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်တွင် လာရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ နိုဝင်ဘာ ၃၀ ရက် ည ၇ နာရီ ၃၀ မိနစ်တွင် စတင်ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သိရသည်။ ဆွီဒင်ဂီတအဖွဲ့ ABBA သည် နိုင်ငံတကာတွင် ထင်ရှားခဲ့သည့် ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံသို့ စတုတ္ထမြောက် လာရောက် ဖျော်ဖြေသည့် ကမ္ဘာကျော် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်ဟု သိရသည်။

''ဒီအဖွဲ့က တစ်ခေတ် တစ်ခါတုန်းကတော့ ထင်ရှားခဲ့တဲ့ ကမ္ဘာကျော် ဂီတအဖွဲ့တစ်ဖွဲ့လို့ ဆိုရမှာပါ။ သူတို့ရဲ့ ထင်ရှားခဲ့တဲ့ သီချင်းတွေလည်း အများကြီး ရှိပါတယ်။ အခုတော့ အရင်အဖွဲ့ဟောင်းတွေ အပြင်ကို လူငယ်အဖွဲ့ဝင် သစ်တွေကိုလည်း ထည့်သွင်း ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ သူတို့ကို ကြိုက်ခဲ့ဖူးတဲ့ ပရိသတ်တွေ ကြည့်စေလိုတဲ့အတွက် ဒီဖျော်ဖြေပွဲကို စီစဉ်ဖြစ်တာပါ။ လက်မှတ်တွေကိုလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချနိုင်အောင် စီစဉ်ထားပါတယ်။ သူတို့အဖွဲ့နဲ့အတူ မြန်မာအနုပညာရှင်တွေလည်း ပူးပေါင်းဖျော်ဖြေနိုင်အောင် စီစဉ်နေပေမယ့် ဘယ်သူတွေဖြစ်မယ် ဆိုတာတော့ မသေချာသေးပါဘူး'' ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် ဦးပီးပေါ်က ရှင်းပြခဲ့သည်။

ဆွီဒင်ဂီတအဖွဲ့ ABBA သည် ပေါ့ပ်ဂီတအဖွဲ့အဖြစ် ၁၉၇၂ ခုနှစ်တွင် စတင်ပေါ်ပေါက် လာခဲ့ခြင်းဖြစ်ပြီး ပေါ့ပ်ဂီတ လောကတွင် ထင်ရှားသည့် ဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်ခဲ့ကာ ၁၉၇၂ ခုနှစ်မှ ၁၉၈၂ ခုနှစ်အတွင်း ထွက်ရှိခဲ့သည့် တေးအယ်လ်ဘမ်များမှာ ကမ္ဘာတစ်ဝန်း ပျံ့နှံ့မှု များပြားခဲ့သည်။ ABBA ဂီတအဖွဲ့သည် အင်္ဂလိပ်ဘာသာ စကားပြော တိုင်းပြည်များတွင် အောင်မြင်မှု ရရှိသည့် အင်္ဂလိပ်ဘာသာ စကားမပြောသော နိုင်ငံမှ ပထမဆုံး ဂီတအဖွဲ့ ဖြစ်လာခဲ့သည်။ ABBA ဂီတအဖွဲ့၏ ထင်ရှားခဲ့သည့် တေးသီချင်းများမှာ Dancing Queen၊ Take a Chance on me၊ Knowing me knowing you၊ SOS၊ Lay all your love on me၊ Waterloo၊ Fernando၊ Does your mother know၊ The winner takes it all၊ Mamma Mia စသည့် တေးသီချင်းများ ဖြစ်ကြသည်။ ABBA ဂီတအဖွဲ့သည် မြန်မာနိုင်ငံသို့ စတုတ္ထမြောက် လာရောက် ဖျော်ဖြေသည့် ကမ္ဘာကျော် ဂီတအဖွဲ့ဖြစ်ပြီး ကမ္ဘာကျော် အဆိုတော်များ ဖြစ်ကြသည့် ဂျေဆင်မရက်ဇ်၊ Air Supply စသည့် ဂီတပညာရှင်များ လာရောက် ဖျော်ဖြေခဲ့ပြီး ဖြစ်သည်။
Eleven Media Group