မန္တလေးအနီးဝန်းကျင် ဒေသများသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်

ပို့စ်တင်ချိန် - 10/26/2013 01:16:00 PM


(မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းနံဘေးရှိ မြေစွန်းကျေးရွာတွင် ရောက်ရှိနေသည့် ဆောင်းခိုငှက်များအား တွေ့ရစဉ် (ဓာတ်ပုံ-ဦးဇေမောင်သိန်း)
)

မန္တလေး အနီးဝန်းကျင် ဒေသသို့ ဆောင်းခိုငှက်များ စတင်ဝင်ရောက်လာပြီး မျိုးစိတ်ခွဲခြားရန် သုတေသနပြု လုပ်ငန်းများအတွက် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။ စက်တင်ဘာ လလယ်ပိုင်းမှ စတင်ကာ မန္တလေးတက္ကသိုလ်၊ အောင်ပင်လယ်ကန် အနီးဝန်းကျင် ဒေသများနှင့် မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေး မြေစွန်းကျေးရွာတွင် ဆောင်းခိုငှက်များဖြစ်သော ငှက်တဇတ်၊ မီးညှောင့်ငှက်၊ စွန်ငှက်၊ သိန်းငှက်၊ ငှက်ကြား၊ ခရုတုပ်စသည့် ငှက်မျိုးစိတ်များ ၀င်ရောက်လာပြီး အဆိုပါ ငှက်များအား သုတေသန ပြုလုပ်ရန် လိုအပ်လျက်ရှိကြောင်း သိရသည်။

''အခုစ၀င်လာတဲ့ ဆောင်းခိုငှက်တွေကို ဌာနေငှက်လား တကယ့်ဆောင်းခို ငှက်တွေလားဆိုတာ တိတိကျကျ ခွဲခြားပြောနိုင်ဖို့ သုတေသန လုပ်ငန်းတွေ လုပ်ဖို့လိုနေပြီ။ ငှက်ကြားနဲ့ ခရုတုပ်ငှက်ဆိုရင် အရင်ကတော့ ဆောင်းခိုငှက်လို့ ပြောပေမဲ့ အခုဆိုရင် မန္တလေး ပတ်ဝန်းကျင်နဲ့ ရေတာရှည်မြို့နယ်မှာ အုပ်စုလိုက် တစ်နှစ်ပတ်လုံး တွေ့နေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် အသိုက်နဲ့ သားပေါက်တာမျိုးတွေ မတွေ့ရတော့ ဌာနေငှက်လို့ ပြောမရသေးဘူး'' ဟု ငှက်သုတေသန ပညာရှင် ဦးဇေမောင်သိန်းက ပြောကြားသည်။

အဆိုပါ ငှက်မျိုးစိတ်ထဲမှ ငှက်ကြားနှင့် ခရုတုပ်ငှက်များကို စက်တင်ဘာ လပိုင်းက မန္တလေးမြို့နှင့် မြောက်ဘက် မိုင်နှစ်ဆယ်ရှိ မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ မြေစွန်းကျေးရွာတွင် အကောင်ရေ ၅၀ ကျော် တွေ့ရှိရကြောင်း၊ ငှက်တဇတ်၊ မီးညှောင့်ငှက်၊ စွန်ငှက်များကို မန္တလေး အနီးဝန်းကျင်တွင် စက်တင်ဘာ လလယ်ခန့် တွေ့ရှိခဲ့ရပြီး ယခုအခါ ရန်ကုန်နှင့် မအူပင်ဒေသအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ခရုပ်တုပ်ငှက် မျိုးစိတ်များကို စက်တင်ဘာ လပိုင်းက မန္တလေးမြို့ အောင်ပင်လယ်တွင် အကောင်ရေ ၅၀ ခန့်နှင့် ပုသိမ်ကြီး မြို့နယ်အထက်တွင် ဇူလိုင်၊ သြဂုတ်လများက အကောင်ရေ ၇၀ ခန့် တွေ့ရှိခဲ့ပြီး အဆိုပါ ငှက်မျိုးစိတ်များအား ဌာနေငှက်အဖြစ် တိတိကျကျ မှတ်တမ်းပြုစုရန် သုတေသနပြု လုပ်ငန်းများအတွက် ပံ့ပိုးကူညီမှုများ လိုအပ်လျက် ရှိကြောင်း သိရသည်။

Eleven Media Group