အစိုးရ သတင်းစာများ အများပြည်သူ စိတ်ဝင်စားသည့် သတင်းများကို ဖော်ပြခြင်းမရှိဘဲ အစိုးရ၏အာဘော် တစ်ခုတည်းကိုသာ ဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက်ရပ်တည်

ပို့စ်တင်ချိန် - 10/26/2013 06:08:00 PM


အောက်တိုဘာ ၂၅ ရက်ထုတ် ပုဂ္ဂလိက သတင်းစာအချို့နှင့် အစိုးရ သတင်းစာများ
သတင်းဆောင်းပါး
အများပြည်သူ ၀န်ဆောင်မှု သတင်းစာ အဖြစ်သို့ ပြောင်းလဲမည်ဟု ထုတ်ဖော် ပြောကြားထားသော အစိုးရ သတင်းစာများသည် အများပြည်သူ စိတ်ဝင်စားသည့် သတင်းများကို ဖော်ပြခြင်းမရှိဘဲ ယခင်အစိုးရ လက်ထက်ကအတိုင်း အစိုးရ၏အာဘော် တစ်ခုတည်းကိုသာ ဖော်ပြသည့် သတင်းစာအဖြစ် ဆက်လက် ရပ်တည်နေကြောင်း သိရသည်။
အနီးကပ်ဆုံး ဥပမာအနေဖြင့် အောက်တိုဘာ ၂၄ ရက်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း၏ သတင်းစာရှင်းလင်းပွဲ သတင်းကို အစိုးရ သတင်းစာ သုံးစောင်စလုံးတွင် လုံးဝဖော်ပြခဲ့ခြင်း မရှိသည့်အပြင် သမ္မတ ဦးသိန်းစိန်က ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ၀င်ရောက်အရွေး ခံတော့မည် မဟုတ်ကြောင်း သူရဦးရွှေမန်း၏ ပြောကြားချက်ကိုလည်း တစ်စုံတစ်ရာ ဖော်ပြခြင်း မရှိခဲ့ချေ။ ထို့အတူ အောက်တိုဘာ ၂၄ ရက်မှာပင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဥရောပ ခရီးစဉ်အတွင်း ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ကြောင်းနှင့် နိုင်ငံတကာ အနေဖြင့် မွတ်စလင် အသိုင်းအ၀ိုင်း ကြားတွင်သာ မကဘဲ ဗုဒ္ဓဘာသာဝင်များ အကြားတွင်ပါ ကြောက်ရွံ့မှုများ ရှိနေသည်ကို နားလည်ပေးဖို့ လိုကြောင်း အစရှိသော ပြောကြားချက်များကိုလည်း အစိုးရ သတင်းစာများက ဖော်ပြခဲ့ခြင်း မရှိကြောင်း တွေ့ရှိရသည်။
အောက်တိုဘာ ၂၅ ရက်ထုတ် အစိုးရ သတင်းစာများ၏ မျက်နှာဖုံးတွင် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း တက်ရောက်သည့် သတင်းကိုသာ ခေါင်းကြီးသတင်းအဖြစ် ဖော်ပြခဲ့ပြီး လောကနန္ဒာ မြစ်ရေတင် ပင်မရေတင်စခန်း၌ သောင်တူးခြင်း အမြန်ဆုံး ဆောင်ရွက်လျက်ရှိ သတင်း၊ မန္တလေးမြို့တွင် ကုန်ဆိပ်ကမ်းကြီးတစ်ခု တည်ဆောက်မည် ဆိုသည့် သတင်းများကို ဖော်ပြခဲ့သည်။
အောက်တိုဘာ ၂၅ ရက်ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ပြည်ထောင်စု လွှတ်တော်နာယက ဦးရွှေမန်း၏ သတင်းစာ ရှင်းလင်းပွဲမှ ပြောကြားချက် သတင်းများ၊ ဥရောပ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက် သတင်းများအပြင် အများပြည်သူ စိတ်ဝင်စားသည့် သတင်းများကို မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြခဲ့ကြသည်။
ထို့အပြင် လက်ရှိအချိန်တွင် ပြည်သူအများ စိတ်ဝင်စားနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ သတင်းများကို ပုဂ္ဂလိက သတင်းစာများတွင် နေ့စဉ်ရက်ဆက်နီးပါး ထောင့်ပေါင်းစုံမှ ဖော်ပြနေသော်လည်း အစိုးရ သတင်းစာများတွင်မူ အစိုးရပိုင် မြန်မာ့ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို အားမပေး လိုသည့်သဘော သက်ရောက်သည်ဟု ယူဆနိုင်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေ စကားဝိုင်းကိုသာ ပြန်လည် ဖော်ပြခဲ့သည်။
ထို့အတူ အစိုးရသတင်းစာများ အနေဖြင့် အစိုးရအဖွဲ့၊ အစိုးရ၀န်ကြီး ဌာနများ အပါအ၀င် အာဏာရပါတီ ဖြစ်သော ပြည်ခိုင်ဖြိုးပါတီနှင့် ပတ်သက်၍လည်း ထောက်ပြပြောဆိုခြင်းများ မရှိသည့်အပြင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာ ရှင်းလင်းပွဲများအပြင် အများပြည်သူ စိတ်ဝင်စားနေသည့် အကြောင်းအရာများ ဖော်ပြခြင်း မရှိသည့်အတွက် ဝေဖန်မှုများ ရှိနေသည်။
''အစိုးရမှ အစိုးရသတ်သတ်ကို ဖြစ်နေတယ်။ လွှတ်တော်ကိုတောင်မှ စာရင်းမသွင်း ဘူးပေါ့ဗျာ။ အဲဒါတွေက အမှန်တရားတွေပဲ။ နောက် သတင်းထိမ်ချန်မှုတွေက ဒီရက်ပိုင်းမှာတင် နှစ်ခုတွေ့တယ်။ ဒေါ်စုက (မြန်မာနိုင်ငံမှာ) လူမျိုးသုဉ်း သတ်ဖြတ်မှု မရှိပါဘူး ဆိုတဲ့ ကိစ္စတွေကိုလည်း သူမပြောဘူး။ နောက် နာယကကြီးရဲ့သတင်းစာ ရှင်းလင်းပွဲကိုလည်း သူတို့ထည့်မပြောဘူး'' ဟု လသာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောကြားသည်။
သူတို့ရဲ့ ပေါ်လစီပေါ့။ မီဒီယာပုံစံနဲ့ ရပ်တည်နေတယ် ပြောတယ်။ တကယ် အဲဒီလိုပြောရင် သတင်း ဖြစ်လာပြီဆိုရင် ဘယ်သတင်းဖြစ်ဖြစ် ထည့်ရမှာပေါ့ဗျ။ အဲဒါတွေ မထည့်ဘဲ လုပ်တာဟာ မီဒီယာတာဝန် ပျက်ကွက်တယ်...

''သူတို့ရဲ့ ပေါ်လစီပေါ့။ မီဒီယာပုံစံနဲ့ ရပ်တည်နေတယ် ပြောတယ်။ တကယ် အဲဒီလိုပြောရင် သတင်းဖြစ်လာပြီဆိုရင် ဘယ်သတင်းဖြစ်ဖြစ် ထည့်ရမှာပေါ့ဗျ။ အဲဒါတွေ မထည့်ဘဲ လုပ်တာဟာ မီဒီယာတာဝန် ပျက်ကွက်တယ်'' ဟု ဟံသာဝတီ ဦးဝင်းတင်က ပြောကြားသည်။
အခြားတစ်ဖက်တွင်လည်း သတင်းရင်းမြစ် ဖော်ပြခြင်း မရှိဘဲ ရေးသားနေသော သတင်းများ၊ နယ်မြို့များမှ ပေးပို့သော သတင်းများကို တည်းဖြတ်ခြင်း မပြုဘဲ တိုက်ရိုက် ဖော်ပြခြင်းများကို အစိုးရ သတင်းစာများတွင် နေ့စဉ်ရက်ဆက်နီးပါး တွေ့ရှိနေရကြောင်း သိရသည်။ အောက်တိုဘာ ၂၅ ရက်မှာပင် ကြေးမုံသတင်းစာ၌ ဖော်ပြခဲ့သော 'မိကျောင်းအန္တရာယ် သတိပြုဖွယ်' သတင်းမှာ သတင်းတစ်ပုဒ်၏ စံနှုန်းဖြင့် ဖော်ပြခြင်း မဟုတ်ဘဲ နယ်မှပေးပို့ချက် အတိုင်း သတင်းအဖြစ် ဖော်ပြခဲ့ခြင်း၊ နှစ်ဖက် ပြောကြားမှုများ ကွဲလွဲနေပြီး အငြင်းပွားဖွယ် ဖြစ်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ် ကျွဲ၊ နွား၊ မှောင်ခိုသမားများ ဖမ်းဆီးရမိပြီး လက်နက်ငယ်နှင့် ဆက်စပ်ပစ္စည်းများ၊ ယာဉ်များနှင့် သစ်များ သိမ်းဆည်းရမိခြင်း သတင်းကို ကာကွယ်ရေး ၀န်ကြီးဌာနမှ သတင်းရရှိသည် ဟူ၍သာ ဖော်ပြခဲ့ပြီး ထိုဒေသတွင် ဖြန့်ကြက် လှုပ်ရှားနေသော ကေအိုင်အိုအဖွဲ့၏ ပြောကြားချက်ကို ထည့်သွင်းဖော်ပြခဲ့ခြင်း မရှိသည်ကို တွေ့ရှိရသည်။
ပြန်ကြားရေး ၀န်ကြီးဌာန၏ ဒုတိယ၀န်ကြီးဖြစ်ပြီး နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပုဂ္ဂလိက သတင်းစာများကို သတင်းများ ဖော်ပြရာ၌ ကျင့်ဝတ်နှင့်အညီ ဖော်ပြရန်၊ မျှတမှုရှိသော သတင်းများဖြစ်ရန် အားနည်းနေခြင်းကို အစဉ်တစိုက် ဝေဖန်ပြောဆိုလေ့ ရှိသော်လည်း ပုဂ္ဂလိက သတင်းစာများအပေါ် ၎င်း၏ ဝေဖန်ပြောကြား ချက်အတိုင်း အစိုးရ သတင်းစာများ ကိုယ်တိုင်က ချိုးဖောက် နေခြင်းကိုမူ ပြောကြားလေ့ မရှိပေ။
''သတင်းစာ ဆိုတာကတော့ သတင်းစာကျင့်ဝတ်က အစိုးရပိုင်ပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကပိုင်ပဲ ဖြစ်ဖြစ် ရှိရမယ်။ အစိုးရပိုင် သတင်းစာကြီးက ဖြစ်နိုင်လို့ရှိရင် ရှေ့ဆောင်ဖြစ်ရမယ်။ ခုကျတော့ သူကရှေ့ဆောင် ဖြစ်ရမယ့်အစား ဘက်လိုက် တစ်ဖက်စွဲ ဖြစ်နေတယ်။ အစိုးရအဖွဲ့ အနေနဲ့ သိက္ခာလည်းကျတယ်။ ရှက်ဖို့လည်း ကောင်းတယ်။ နောက်ပြီး ပြည်သူ့ဘဏ္ဍာနဲ့ လည်ပတ်နေတဲ့ လုပ်ငန်းကြီး တစ်ခုက ပြည်သူအများ စိတ်ဝင်စားတဲ့ ကိစ္စတွေကို မဖော်ပြတာကတော့ အလွန်အကျွံဆုံး ကိစ္စပဲ'' ဟု ဦးကြည်မြင့်က ပြောကြားသည်။
လက်ရှိထုတ်ဝေနေသော အစိုးရ သတင်းစာများသည် သတင်းစာ တစ်စောင်၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီခြင်း ရှိ၊ မရှိ ဆိုသော မေးခွန်းကိုမူ ''ကြော်ငြာပိုင်းမှာတော့ ကိုက်ညီနေပြီ။ သတင်းပိုင်းမှာ အားရကျေနပ်ဖွယ် အနေအထား မရှိဘူး'' ဟု နိုင်ငံရေး ဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားသည်။
''ဦးရွှေမန်းလို၊ နာယကဗျာ။ လွှတ်တော်ရဲ့ နာယက။ အဲဒီလို နာယကက နေပြီးတော့ သတင်းတစ်ခုကို ပြောတယ်။ ပြောတဲ့နေရာကလည်း ဘယ်မှာလဲဆိုတော့ လွှတ်တော်ထဲမှာ ပြောတယ်။ ပြောတဲ့ အချိန်ကလည်း တိုတိုတုတ်တုတ်နဲ့ တစ်ခွန်းနှစ်ခွန်း ပြောတာမဟုတ်ဘူး။ ဂျာနယ်လစ်တွေ အစုံလာတဲ့ သတင်းစာ ရှင်းလင်းပွဲ။ အဲဒီလောက်ခိုင်မာတဲ့ ပြည့်စုံတဲ့ အနေအထားကိုတောင် မဖော်ပြဘူးဆိုတော့ အစိုးရ သတင်းစာတွေရဲ့ သတင်းပြည့်စုံမှု၊ သတင်းအင်္ဂါရပ်နဲ့ ညီညွတ်မှု ဆိုတာတွေက ပြည့်စုံတဲ့သဘော၊ မှန်ကန်တဲ့သဘော မရှိဘူးလို့ဘဲ ယူဆပါတယ်'' ဟု ဦးဝင်းတင်က ဆိုသည်။
''ကျွန်တော်တို့လို ပြည်သူတွေ အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကြောင်းကို စိတ်ဝင်စားတယ်။ ပြည်သူလူထုကို အခြေပြုတဲ့ သတင်းတွေပဲ ဖတ်ချင်တာပေါ့။ ဒါတွေက အစိုးရ သတင်းစာမှာ မပါဘူး။ ပုဂ္ဂလိက သတင်းစာမှာ ပြည်သူတွေအတွက် အကျိုးရှိတဲ့ သတင်းတွေပါတော့ ပုဂ္ဂလိက သတင်းစာတွေကို ပိုသဘောကျတယ်။ အစိုးရ သတင်းစာက သူတို့ဘက်က အသားပေးပြီး ရေးတာတွေနဲ့ ကြော်ငြာတွေကို ဦးစားပေးတာများတယ်'' ဟု ဆရာပြည့် (မြန်မာစာ) က ပြောကြားသည်။
အစိုးရ သတင်းစာများသည် ၎င်းတို့ ဖော်ပြလိုသော သတင်းများကိုသာ ဦးစားပေး ဖော်ပြပြီး ပြည်သူလူထု သိသင့်သိထိုက်ပြီး လွှတ်တော်တွင်း ဆွေးနွေးသည့် အကြောင်းအရာ များကိုပင် အပြည့်အစုံ ဖော်ပြလေ့ မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။
''နိုင်ငံပိုင် သတင်းစာတွေကတော့ ကန့်သတ်ချက်တွေ ရှိနေသေးတယ်။ ပုဂ္ဂလိကပိုင် သတင်းစာ ကတော့ လွတ်လွတ်လပ်လပ် ရေးသားပြောဆိုတာ တွေ့ရတယ်။ နိုင်ငံပိုင် သတင်းစာတွေဆိုရင် လွှတ်တော်အကြောင်း တောင်မှ ကောက်နုတ်ချက် လောက်ပဲ ဖော်ပြတာ။ အဆိုး၊ အကောင်း ဝေဖန်ပြီး ပြန်ရေးတာမျိုး မတွေ့ရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ သက်ဆိုင်တဲ့ အကြောင်းကိုတောင် မဖော်ပြဘူး ဆိုတော့ သေချာတာက အပေါ်ကပြောင်းပြီး အောက်က မပြောင်းတာပါ'' ဟု မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ အတွင်းရေးမှူး ဦးမြင့်ခိုင်က ပြောကြားသည်။
အစိုးရ သတင်းစာများနှင့် ရုပ်မြင်သံကြား၊ ရေဒီယိုများကို အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ဒီဇင်ဘာလအတွင်း ပြောင်းလဲရန် ပြန်ကြားရေး ၀န်ကြီးဌာနက ပြင်ဆင်နေကြောင်း သိရပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကိုလည်း လွှတ်တော်တွင် အတည်ပြုချက် ရယူနိုင်ရန် ကြိုးစားနေသည်။ ထို့အတူ အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် စပ်လျဉ်းသော အကြောင်းအရာ များကိုလည်း ပြန်ကြားရေး ၀န်ကြီးဌာနမှ အဆင့်မြင့် အရာရှိများကိုယ်တိုင် အစိုးရ သတင်းစာများတွင် ရေးသားပြောဆိုမှုများ ရှိနေသော်လည်း အများပြည်သူ ၀န်ဆောင်မှုနှင့် ကိုက်ညီပြီး စံနှုန်းပြည့်မီသော ရေးသားဖော်ပြမှုများကို ယနေ့အချိန်အထိ မတွေ့ရသေးကြောင်း ဝေဖန်မှုများ ရှိနေသည်။
''အစိုးရ သတင်းစာတွေက ပြည်သူ့ဘဏ္ဍာနဲ့ သူတို့ အကျိုးစီးပွား အတွက်ပဲ ၀ါဒဖြန့်တယ်ဆိုတာ လုံးဝလက်မခံနိုင်ဘူး။ တစ်သက်လုံး အစဉ်အဆက်လည်း လုံးဝမယုံကြည်ခဲ့ပါဘူး။ ... ကျွန်တော်ကတော့ ပြည်သူ့ဝန်ဆောင်မှု ဆိုတာ လုံးဝ မယုံကြည်ပါဘူး။ နောက်ပြီး အစိုးရ သတင်းစာ ဆိုတာလည်း လုံးဝမရှိသင့် တော့ပါဘူး'' ဟု မန္တလေးမြို့မှ ဦးသိန်းသန်းဦးက ပြောကြားသည်။