နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် အစိုးရမှ စီစဉ်

ပို့စ်တင်ချိန် - 11/11/2013 12:27:00 PM


နိုင်ငံရေး ပါတီများ၏ ခေါင်းဆောင်များနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ယခုနှစ် ဒီဇင်ဘာ မတိုင်မီ ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံဆွေးနွေးနိုင်ရန် စီစဉ်ထားကြောင်း နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် အစိုးရအဖွဲ့ ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ဝန်ကြီးဦးအောင်မင်းက ကချင်ပြည်နယ် လိုင်ဇာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ဆွေးနွေးမှု အခြေအနေများ၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ မြစ်ကြီးနားမြို့တွင် ဆွေးနွေးခဲ့သည့် အခြေအနေများကို ရှင်းပြခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ယင်းအဖွဲ့များ စုပေါင်းဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဌာနချုပ်များ တည်ရှိရာ ထိုင်းနိုင်ငံ ချင်းမိုင်တွင် နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း ပြောကြားသည်။
"ဒီက တိုင်းရင်းသားပါတီ၊ နိုင်ငံရေးပါတီက ခေါင်းဆောင်ကြီးများကိုလည်း အဖွဲ့လိုက် အဖွဲ့လိုက် အဲဒီ (ချင်းမိုင်) ကို လွှတ်ပြီးမှ သူတို့အဖွဲ့နဲ့ တွေ့ခွင့်ရအောင် ဆောင်ရွက်ထားတဲ့ အစီအစဉ်တွေ ရှိပါတယ်။ အဲဒီမှာ တွေ့တဲ့အခါမှာလည်း ကန့်သတ်ထားချက် မရှိပါဘူး။ အားလုံးကို ဆွေးနွေးလို့ ရပါတယ်။ အဲဒီကို ဒီဇင်ဘာလ မတိုင်မီ လွှတ်ဖို့ အစီအစဉ် ရှိပါတယ်" ဟု ဦးအောင်မင်းက ပြောကြားသည်။
ပြည်ထောင်စု ၀န်ကြီးများ အနေဖြင့် အဆိုပါ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပါတီများကို ချင်းမိုင်တွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်းသာ ပြောကြားခဲ့ခြင်းဖြစ်ပြီး တရားဝင် ဖိတ်ကြားခဲ့ခြင်းမျိုး မရှိသေးဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီမှ ကော်မတီဝင် ဦးနိုင်တင်ဖေက ပြောကြားသည်။
နိုင်ငံရေး ပါတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တွေ့ဆုံရန် အစိုးရအဖွဲ့၏ စီစဉ်နေမှုနှင့် ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက "အဲဒါက သူတို့ရဲ့ အစီအစဉ်ပါ။ သူတို့ရဲ့ အစီအစဉ်ကို ကျွန်တော်တို့က ကြိုဆိုတာပေါ့။ ကျွန်တော်တို့က အစကတည်းက အဲဒီအဖွဲ့တွေနဲ့ တွေ့ချင်တာ။ ဒါပေမဲ့ ကျွန်တော်တို့က အစိုးရလည်း မဟုတ်ဘူး။ ကျွန်တော်တို့က နိုင်ငံရေးပါတီ။ အစိုးရက သူဟာသူတွေ့တော့ ဘာမှမဖြစ်ဘူး။ ကျွန်တော်တွေ့ရင် ကျွန်တော် ၁၇ (၁) ဖြစ်မယ်။ ကျွန်တော်တို့ သတိထားရတယ်။ သူတို့အစီအစဉ်နဲ့ သွားတာဆိုရင်တော့ မဖြစ်ဘူးပေါ့" ဟု ပြောကြားခဲ့သည်။
Eleven Media Group