ကားလမ်းမဘေးရှိမီးစက်များ ဖယ်ခိုင်းခြင်းကြောင့် လုပ်ငန်းရှင်များ အခက်ကြုံ

ပို့စ်တင်ချိန် - 11/11/2013 02:50:00 PM


ရန်ကုန်၊ နိုဝင်ဘာလ ၁၁။

ရန်ကုန်မြို့တွင်း မော်တော်ယာဉ်စီးရေ တိုးတက်များပြား
လာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှုကြောင့် လူသွားစင်္ကြနှင့်
လမ်းနယ်နိမိတ် အတွင်းရှိ မီးစက်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ YCDCက နိုဝင်ဘာလ
၈ရက်နေ့က ဖယ်ရှားပေးရန် ကြေငြာခြင်းကြောင့်
လုပ်ငန်းရှင်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း မီးစက်ပိုင်ရှင်များက ပြောကြားသည်။

မီးစက်များအား ဖယ်ရှားခိုင်းခြင်းကြောင့် မီးစက်ထားရန်
နေရာအသစ် ရှာရမည့်အတွက် ဝန်ထုတ်ဝန်ပိုး အခက်အခဲ များစွာ ဖြစ် ပေါ်နေပြီး လျှပ်စစ်မီးအားကိုးလုပ်ကိုင်ရသော လုပ်ငန်းများဖြစ်သောကြောင့် လျှပ်စစ်မီး မရရှိချိန်တွင် လုပ်ငန်းလည်ပတ်မှုနှုန်း နှေးကွေးသွားနိုင်ကြောင်း မဟာ
ဗန္ဒုလလမ်းနှင့် ဆိပ်ကမ်းသာလမ်းထောင့်ရှိ စားသောက်ကုန် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

“မီးစက်တွေကလည်း ဝယ်ပြီးနေပြီ။ ဒါတွေကို ဖယ်ခိုင်းရင်
လျှပ်စစ်မီးမှန်ဖို့ လိုအပ်တယ်။ မီးမှန်ပြန်တော့လည်း
မီတာခက မီးစက်မောင်းသလောက် သွားကျနေတော့
တော်တော်လေးတော့ ခက်နေပြီ။ နေရာထပ်ရှာရမယ်
ဆိုတော့ ဝန်ထပ်ဝန်ပိုးတော့ ဖြစ်တာပေါ့”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြို့နေပြည်သူများ လျှပ်စစ်မီးသုံးစွဲမှု အဆင်ပြေစေရေး
အတွက် လူသွားစင်္ကြာများ လမ်းနယ်နိမိတ်များအတွင်း
မီးစက်များ ချထား သုံးစွဲ လျှောက်ထားမှုများကို နှစ်စဉ်ကြေး
ကောက်ခံ၍ ယာယီထားခွင့်ကို စည်ပင်သာယာရေး ကော်
မတီက ခွင့်ပြုပေးခဲ့ပြီး ယခု အခါနှစ်စဉ်ကြေးကောက်ခံမှုအား ယာယီရပ်ထားကာ မီးစက်များကိုလည်း ထပ်မံချထားခွင့်
မပြုတော့ကြောင်း YCDC၏ ထုတ်ပြန် ထားချက်များအရ
သိရသည်။

ရေးသားသူ - သက်သက်မိုးသူ
တည်းဖြတ် - ဂျူးဂျူးလှိုင်
People power