အက်ရှင်ကားဆန်ဆန် ပြန်ပေးဆွဲခံရသည့် ဇနီးမောင်နှံနှစ်ဦးပြန်လွတ်လာ

ပို့စ်တင်ချိန် - 11/11/2013 11:05:00 AM


တွံတေးမြို့နယ်တွင် ဇနီးမောင်နှံနှစ်ဦးကို နေ့ခင်းကြောင်တောင် ကြိုးတုပ်ခေါ်ကာ အက်ရှင်ကားဆန်ဆန် ငွေကျပ် သိန်း ၂၀၀၀ တောင်းသည့် ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သည်။

တွံတေးမြို့နယ်၊ ပိတ်စွယ်ကျေးရွာ ကားလမ်းဘေး တံတားကုန်းဆင်းအနီးတွင် နိုဝင်ဘာ ၆ ရက် မွန်းတည့်က ဘုရားကြီးကျေးရွာမှ ဒလမြို့သို့သွားသည့် ဆိုင်ကယ်စီး ဇနီးမောင်နှံနှစ်ဦးကို ကြိုးတုပ်ကာ ပြန်ပေးဆွဲခံရပြီး တရားခံများကိုမူ ဖမ်းမမိသေးကြောင်း သတင်းရရှိသည်။

အဆိုပါဇနီးမောင်နှံနှစ်ဦးသည် မယားညီအစ်ကိုတော်စပ်သူ၏ ရုံးချိန်းသို့ ဆိုင်ကယ်ဖြင့်သွားနေစဉ် ရှေ့မှရပ်ထားသည့် ကားတစ်စီးပေါ်မှ လူသုံးဦးက ဆိုင်ကယ်ကိုတားပြီး ခါးပတ်ဖြင့် အမျိုးသား၏ မျက်နှာကိုရိုက်ခဲ့သည်။ ထို့နောက် လဲကျသွားသည့် ဆိုင်ကယ်ကို ကားပေါ်တင်ကာ ဇနီးမောင်နှံနှစ်ဦးလုံးကို ကြိုးဖြင့်ချည်နှောင်၍ ကားပေါ်ဆွဲတင်ပြီး မျက်စိများကိုလည်း တိပ်အ၀ါဖြင့် ပတ်လိုက်ကြောင်း ကာယကံရှင်များက တွံတေးရဲစခန်းတွင် တိုင်ကြားထားသည်။

ထို့နောက် ပြန်ပေးဆွဲခံရသူ၏ညီမထံ ဖုန်းဆက်ကာ ဇနီးမောင်နှံနှစ်ဦးကို ငွေကျပ်သိန်း ၂၀၀၀ ဖြင့် ည ၁ နာရီအချိန်တွင် လှိုင်သာယာမြို့နယ်၊ ဘီအိုစီအ၀ိုင်းထိပ်သို့ လာရွေးယူရန် ပြန်ပေးဆွဲသူသုံးဦးထဲမှ အမျိုးသားတစ်ဦးက ဖုန်းဆက်ကာပြောသောကြောင့် ယင်းနေရာသို့ ရဲတပ်ဖွဲ့ဝင်များကို ခေါ်ဆောင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ကြောင့် နိုဝင်ဘာ ၇ ရက် ည ၁ နာရီထိုးခန့်တွင် တွံတေးမြို့မရဲတပ်ဖွဲ့စခန်းမှူးနှင့် လှိုင်သာယာမြို့မရဲစခန်း၊ သောင်ကြီးနယ် မြေရဲစခန်းများမှ ရဲတပ်ဖွဲ့ဝင်များက ဘီအိုစီအ၀ိုင်း၌ စောင့်ဆိုင်းနေကြသည်။ ထို့နောက် ပြန်ပေးသမားများက ရွှေလင်ဗန်းစက်မှုဇုန်အ၀ိုင်းသို့ လာရောက်ရန် ဖုန်းဖြင့်ထပ်မံချိန်းဆိုသောကြောင့် ရဲများကလည်း ဖမ်းဆီးနိုင်ရန် လိုက်ပါခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များက စောင့်ဆိုင်းနေစဉ် လှိုင်သာယာမြို့နယ်၊ ကနောင်မင်းသားကြီးလမ်းအတိုင်း ရွှေလင်ဗန်းစက်မှုဇုန်ဘက်မှ ရန်ကုန်-ပုသိမ် လမ်းမဘက်သို့ ဟွန်ဒါဖစ်အမျိုးအစား ယာဉ်တစ်စီးမောင်းလာ၍ ရဲများက နောက်မှလိုက်သောအခါ အဆိုပါယာဉ်က မောင်းပြေးသည်။ ထိုသို့ မောင်းပြေးစဉ် ရွှေပြည်သာတံတား၊ အလယ်ရွာတိုးဂိတ်ကျော်သောအခါ နံပါတ်မပါသည့် မြေသယ်ယာဉ်ကို ၀င်တိုက်မိသည်။ထို့ကြောင့် တွံတေးစခန်းမှူး နှင့်အတူ လိုက်ပါလာသည့် ဒုတပ်ကြပ်ရဲတစ်ဦးက ယင်းကားအနီးသို့ ရောက်သွားသောအခါ ကားပေါ်မှ အမျိုးသားတစ်ဦးက ဓားကိုင်ဆင်းလာပြီး ရဲများကို ခုတ်သောကြောင့် ဒုတပ်ကြပ်တစ်ဦး၏ဦးခေါင်းနှင့် ညာဘက်လက်မောင်းတို့တွင် ဒဏ်ရာများရရှိကာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သတင်းရရှိသည်။
““တရားခံတွေကို အခုထိ မမိသေးပါဘူး။ သူတို့စီးလာတဲ့ ကားကိုတော့ လှိုင်သာယာယာဉ်မှူးစစ်က ဖမ်းပြီးထိန်းသိမ်းထားပါတယ်”” ဟု တွံတေးမြို့မရဲစခန်းမှူး ဒုရဲမှူးသန်းတင့်က နိုဝင်ဘာ ၈ ရက် ညတွင် ပြောသည်။

ပြန်ပေးဆွဲခံရပြီး ၁၆ နာရီ အကြာ နိုဝင်ဘာ ၇ ရက် နံနက် တွင် ပြန်ပေးသမားများက ၎င်းတို့ ဖမ်းထားသည့် ဇနီးမောင်နှံနှစ်ဦးထံမှ ငွေကျပ်ရှစ်သိန်းခွဲခန့်တန်သည့် ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်တို့ကို ချွတ်ယူပြီး ငွေကျပ်လေးသိန်းခန့်တန်သည့် ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်းတစ်လုံးကိုယူထားကာ ဇနီးမောင်နှံနှစ်ဦးအား လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်အနီးရှိ ချုံပုတ်ထဲတွင် ပစ်သွားခဲ့ကြောင်း ကာယကံရှင်များက ပြောသည်။
““တွံတေးမှာ အမှုဖြစ်လာပြီး လှမ်းခေါ်တာနဲ့ မြို့နယ်စုံပူးပေါင်း ဆောင်ရွက်ကြတယ်။ ဒါပေမဲ့ တရားခံတွေကို ဖမ်းမမိသေးဘူး။ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတုန်းပါပဲ””ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက နိုဝင်ဘာ ၈ ရက်တွင် ပြောသည်။
““ရိုက်နှက်တာတော့ မရှိပါဘူး။ ထပ်ပြီးတော့လည်း ဆက်သွယ်မလာဘူး။ ရဲစခန်းမှာတော့ အမှုဖွင့်ထားတာပဲ။ လောလောဆယ်တော့ ဘာထပ်လုပ်ရမယ်မသိသေးဘူး””ဟု ပြန်ပေးဆွဲခံခဲ့ရသော မမိုးမိုးအေးက ပြောသည်။

၎င်းတို့နှစ်ဦးကို ဖမ်းဆီးထားစဉ်က ဂိုဒေါင်တစ်ခုတည်းတွင် ချုပ်နှောင်ထားပြီး ပြန်ပေးဆွဲသည့်အဖွဲ့ထဲမှ ကိုကထီးဆိုသူသည် ၎င်းတို့အိမ်သို့ အလုပ်ကိစ္စဖြင့် ၀င်ထွက်ဖူးကြောင်း မမိုးမိုးအေးက ပြောသည်။ထို့ကြောင့် ပြန်ပေးသမားများအား တွံ့တေးမြို့မရဲစခန်းမှ ပစ္စည်းကိုခြောက်လှန့်တောင်းရန် ဥပဒေနှင့်မညီသော ပြုလုပ်မှုကို အတင်းအဓမ္မပြုရန် မတရားချုပ်နှောင်ထားမှုနှင့် လုယက်မှုကို ကျူးလွန်ရာတွင် နာကျင်စေမှုများ ဖြစ်သည့် ပြစ်မှုဆိုင်ရာပုဒ်မ ၃၄၇/၃၉၄ တို့ဖြင့် အမှုဖွင့်ထားသည်။

အလားတူ လှိုင်သာယာမြို့မရဲစခန်းမှ ပြည်သူ့ဝန်ထမ်းအား တာဝန်ဝတ္တရားဆောင်ရွက်ခြင်းမှ ဟန့်တားရန် နာကျင်အောင် ပြုလုပ်မှုဆိုင်ရာ ပြစ်မှုပုဒ်မ ၃၃၃ အပြင် ယာဉ်မှုဆိုင်ရာပုဒ်မ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်အရေးယူကာ တရားခံများဖမ်းမိရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

7DAY DAILY