အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အဂတိ လိုက်စားသည်ဟု မပြောကြားကြောင်း ဦးဗအုပ်ခိုင်ဆို

ပို့စ်တင်ချိန် - 11/11/2013 08:54:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၉

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA က ဝန်ထမ်းများကို အဂတိ လိုက်စားခြင်း ရှိသည်ဟု ၎င်းအနေနှင့် မပြောကြားခဲ့ကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်သော စားသုံးသူ ကာကွယ်ရေး အသင်းကို တရားစွဲဆိုခြင်းနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်နေ့ထုတ် ပြည်တွင်းဂျာနယ် Automobile က မှားယွင်း ဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ယင်းဂျာနယ်အနေဖြင့် လာမည့်အပတ်တွင် ပြန်လည် ရှင်းလင်းပေးမည် ဖြစ်ကြောင်း ၎င်းက The Voice သို့ ပြောကြားသည်။
“အခုက ဆရာတို့အသင်းနဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ဖြစ်တဲ့ ပြဿနာ လုံးဝမဟုတ်ဘူး။ ဒေါက်တာထွန်းဇော်နဲ့ စားသုံးသူများ သမဂ္ဂက ဆရာတို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာ ဖြစ်တယ်” ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ ဒေါက်တာထွန်းဇော်နှင့် စားသုံးသူသမဂ္ဂက ဒုတိယဥက္ကဋ္ဌ ဒေါ်နုနုဝင်းတို့က ၎င်းကို ပုဂ္ဂိုလ်ရေး တရားစွဲဆိုလာမည် ဆိုပါက ၎င်းအနေနှင့် ပြန်လည ရင်ဆိုင်ကာ တရားစွဲဆိုသွားမည် ဖြစ်ကြောင်း၊ ဒေါက်တာထွန်းဇော်က တရားစွဲဆိုရန် စားသုံးသူများ သမဂ္ဂကို အချက်အလက် စုစည်းခြင်းများ ပြုလုပ် ခိုင်းနေသည်ဟု ကြားသိရကြောင်း ၎င်းထံက ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စားသုံးသူ သမဂ္ဂကကို တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ “ဆရာတို့အနေနဲ့ သူတို့အသင်းကို တရားစွဲဆိုဖို့ မရှိပါဘူး။ ဒေါက်တာထွန်းဇော်ကိုလည်း အချက်အလက် မစုပေးပါဘူး” ဟု စားသုံးသူများသမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က The Voice သို့ ပြန်လည် ဖြေကြားသည်။

စားသုံးသူ ကာကွယ်ရေးအသင်းသည် ယခုအခါ စာသင်ကျောင်းများ အနီးဝန်းကျင်၌ ဆေးလိပ်နှင့် ဆေးရွက်ကြီး မရှိစေရန် လိုက်လံစစ်ဆေး အရေးယူခြင်းများ ပြုလုပ်လျက်ရှိပြီး စားသုံးရန် မသင့်သော အစားအစာများကို ဓာတ်ခွဲစစ်ဆေးခြင်းနှင့် အခြားကျန်းမာရေး လုပ်ငန်းများကို ပြုလုပ်လျက်ရှိသော ပြင်ပ အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

ရန်ကုန်မြို့တွင်း လမ်းဘေး ဈေးသည်များကို စားသုံးသူ ကာကွယ်ရေးအသင်းက လိုက်လံစစ်ဆေးမည် ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်နေ့ထုတ် မြဝတီသတင်းစာက ဖော်ပြခဲ့ရာ စားသုံးသူ ကာကွယ်ရေး အသင်းသည် ကျန်းမာရေးဝန်ကြီးဌာန နာမည်ကို အလွဲသုံးစား လုပ်ထားသောကြောင့် ဝန်ကြီးဌာန အနေနှင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) ညွှန်ကြားရေးမှူး ဒေါက်တာထွန်းဇော်က ပြောကြားသည်။
“ဝန်ကြီးဌာနက လုံးဝအသိအမှတ် မပြုဘူး။ တာဝန်လည်း မပေးဘူး။ အများပြည်သူ ကောင်းကျိုးအတွက် ဆောင်ရွက်တယ်လို့ ယူဆဖွယ် ရှိပေမယ့် ပြည်သူတွေ အထိတ်တလန့် ဖြစ်အောင် ပြောဆိုပြီး ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားရေးအတွက် လုပ်တယ်လို့ပဲ မြင်တယ်” ဟု ၎င်းကထပ်လောင်း ပြောကြားသည်။
The Voice Weekly