သီပေါမြို့ ကျူးကျော်ဆိုင်ခန်းများကိစ္စ ဖြေရှင်းပေးမှု လူထုစိတ်ဝင်တစားစောင့်ကြည့်

ပို့စ်တင်ချိန် - 11/11/2013 03:55:00 PM


သီပေါ၊ နိုဝင်ဘာ ၁၁။

သီပေါမြို့နယ်အတွင်း စည်ပင်သာယာရေးကော်မတီအဖွဲ့နှင့် ကျူးကျော်ဆိုင်ခန်းရှင်များအကြား ဖြစ်ပေါ် နေသည့် ပြဿနာအား မည်သို့မည်ပုံ ရှင်းလင်းပေးမည်ကို ဒေသခံလူထုမှ စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိနေကြောင်း သိရှိရသည်။

လက်ရှိလူထုအကြားတွင် စည်ပင်မှကျူးကျော်သည့် ဆိုင်ခန်းများအား ဖယ်ရှားပေးနိုင်ရေး ဆောင်ရွက်ချက်အား ဒေသခံအချို့မှ ထောက်ခံမှုရှိနေပြီး အချို့မှာ ကန့်ကွက်လျက်ရှိနေကြခြင်းလည်း ဖြစ်သည်။

“ဒီကျူးကျော် ဆိုင်ခန်းတွေက အရင်တုန်းကတည်းက ရှိလာတာ၊ လူတွေက စည်းကမ်းနဲ့အညီ မရောင်းချလို့ တစ်ဦးနဲ့တစ်ဦး ပြဿနာဖြစ်နေရတာ။ လက်ရှိစည်ပင်ရဲ့ လုပ်ဆောင်ချက်က ကောင်းပါတယ်၊ ဒါဖြစ်သင့်နေတာ ကြာပါပြီ”ဟု သီပေါဈေးအတွင်း ဈေးရောင်းချနေသူ အထည်သည် တစ်ဦးက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့မှ ကျူးကျော်ဆိုင်ခန်းများနှင့် ဈေးအတွင်း ရောင်းချနေသော ကျူးကျော်ဆိုင်ရှင်များအား စည်းကမ်းနှင့်အညီ ရောင်းချနိုင်ရန် လူထုနှင့် တွေ့ဆုံရှင်းလင်းရာတွင် အချို့မှာ လက်ရှိအနေအထားအရ အခက်အခဲ ရှိနေသဖြင့် ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

“ဒီလိုလုပ်တာက ဒေသလူထုကို အခက်တွေ့စေနိုင်တယ်။ တစ်ရက်လုပ်တစ်ရက်စားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်။ နိုင်ငံတော်က ဆောင်ရွက်နေတယ့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးအတွက်လည်း အခက်အခဲ ဖြစ်စေနိုင်ပါတယ်”ဟု အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

လက်ရှိကျူးကျော်ဆိုင်ခန်း ကိစ္စအား ဒေသအတွင်း ဈေးရောင်းသူများအကြား တစ်ဦးနှင့်တစ်ဦး သင့်မြတ်မှု မရှိဘဲ မြို့နယ်အထောက်အကူပြု အဖွဲ့သို့ တိုင်ကြားလာ၍ မြို့နယ်အထောက်အကူပြု အဖွဲ့မှတစ်ဆင့် စည်ပင်ကော်မတီသို့ ရောက်ရှိလာ၍ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်အထောက်အကူပြုကော်မတီဥက္ကဋ္ဌက ပြောသည်။

“ဒီပြဿနာက လူထုကနေ စတာပါ။ သူတို့ကတိုင်တော့ ကျွန်တော်တို့က ဆောင်ရွက်မပေးလို့မရဘူး။ ဒီလိုဆောင်ရွက်တဲ့ နေရာ မှာလည်း ဘယ်သူ့ကိုမှ မျက်နှာလိုက်ပြီး ဆောင်ရွက်လို့မရပါဘူး။ စည်းမျဉ်းစည်းကမ်းနဲ့အညီပဲ သွားမှာပါ”ဟု စည်ပင်အမှုဆောင်အရာရှိက ပြောသည်။

အဆိုပါကိစ္စအတွက် သီပေါမြို့၊ စည်ပင်ကော်မတီအဖွဲ့မှ ကွင်းဆင်း လေ့လာ၍ ဆောင်ရွက်ပေးမည် ဟု ဆိုထားရာ လူထုအား အဆင်ပြေစေရန် မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်မည်ကို ဒေသခံလူထုများအကြား အထူးစိတ်ဝင်စားစွာ စောင့်ကြည့်လျက်ရှိနေကြခြင်းဖြစ်သည်။

စိုင်းကံသာ (လားရှိုး)
The Myanma Age