မန္တလေး ဘောလုံး လောင်းကစားလုပ်သည့် နေအိမ်တွင် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်

ပို့စ်တင်ချိန် - 11/25/2013 09:02:00 PM


မန္တလေး၊ နိုဝင်ဘာ ၂၄

မန္တလေးမြို့တော် မဟာအောင်မြေ မြို့နယ် ၃၈ လမ်း၊ ၈၃ x ၈၄ လမ်း ကြားရှိ ဘောလုံး လောင်းကစား ပြုလုပ်သည်ဟု ဆိုသော နေအိမ်တွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း အဆိုပါ အခင်းဖြစ်ပွားရာ ပတ်ဝန်းကျင်ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အခင်းဖြစ်ပွားရာ အိမ်အနီး လမ်းမဘေးရှိ အိမ်ရှေ့တွင် ဇော်ဇော်လတ် ၂၅ နှစ်သည် ဓားဒဏ်ရာများဖြင့် လဲကျ သေဆုံးနေကြောင်း သိရ၍ ဘေးပတ်ဝန်းကျင်က ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ပြီး ယင်းအိမ်ကို ဝင်ရောက် စစ်ဆေးရာ ဦးမြင့်သိန်း ၅၀ နှစ်သည် ဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း အဆိုပါရပ်ကွက် နေထိုင်သူများ ထံမှ စုံစမ်း သိရှိရသည်။

“ကောင်လေးကတော့ သွေးကွက်တွေနဲ့ လဲနေတာကို တွေ့တယ်။ အဲဒါနဲ့ လူမှုကူညီရေးအသင်းက ကားနဲ့ ဆေးရုံကို ပို့တဲ့အချိန် လမ်းမှာပဲ သေသွားတယ်။ ဘောလုံးဒိုင် လုပ်တယ် ဆိုတာတော့ သိတယ်။ အဲဒီအိမ်က အမြဲတမ်း တံခါးပိတ်ထားတယ်” ဟု အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ်ခန့်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လက်ရှိ အချိန်တွင် သက်သေခံ ပစ္စည်းများနှင့် မသင်္ကာဖွယ်ရာများကို စုံစမ်း စစ်ဆေးလျက် ရှိပြီး ဘေးပတ်ဝန်းကျင်က မျက်မြင် သက်သေ အဖြစ် ထွက်ဆိုခြင်း မရှိသဖြင့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ CID အရာရှိများ ကိုယ်တိုင် လာရောက် စစ်ဆေးလျက် ရှိကြောင်း အမှတ် (၇) ရဲစခန်းမှ ဒုရဲအုပ်ဝင်းသိန်းက The Voice သို့ ပြောကြားသည်။

“ကျွန်တော့်သားက အဲဒီမှာ အလုပ်လုပ်တာ တစ်လလောက်ပဲ ရှိသေးတယ်။ အဲဒီအလုပ်ကို လုပ်တာ သဘောမကျဘူး” ဟု သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က ဆိုသည်။

အဆိုပါ အခင်းဖြစ်ပွားရာ နေအိမ်ကို ဦးလှမြင့် ဆိုသူက ငှားရမ်းထားခြင်း ဖြစ်ပြီး သေဆုံးသူ နှစ်ဦးသည် ၎င်း၏ အလုပ်သမားများ ဖြစ်ကြောင်း အဆိုပါ အမှတ် (၇) ရဲစခန်း တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ ဇော်ဇော်လတ်၏ ဖခင်ဖြစ်သူ ဦးစိုးမြင့်က မဟာအောင်မြေမြို့နယ် အမှတ် (၇) ရဲစခန်းတွင် (ပ) ၇၈၁။ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် ထားရှိပြီး အမှုမှန် ပေါ်ပေါက်ရေး အတွက် စစ်ဆေး စုံစမ်းလျက် ရှိကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သြဂုတ်လဆန်းပိုင်းက ပြည်ကြီးတံခွန် မြို့နယ်ရှိ တိုက်ခန်းတစ်ခန်းနှင့် စက်တင်ဘာလ ပထမပတ်ခန့်က ချမ်းအေးသာစံ မြို့နယ်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတို့တွင် ပစ္စည်းယူ လူသတ်မှုများ ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ယင်းအပြင် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ ရွှေနှင်းဆီ လမ်းထောင့်ရှိ Rainbow Bridge Distribution Co., Ltd. (Panasonic Battery ) မန္တလေးရုံးခွဲတွင် အောက်တိုဘာလ ၁ ရက်နေ့ ညပိုင်းက သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး တရားခံများကို တစ်ပတ်အတွင်း ဖမ်းဆီး ဖော်ထုတ်နိုင်ခဲ့သည်။