တားဆီးရေးဂိတ်နှင့် တိုးဂိတ်ကို တိုက်ပြေးသည့် သစ်ခိုးကားဖမ်းမိ

ပို့စ်တင်ချိန် - 11/25/2013 11:15:00 AM


တားဆီးရေးဂိတ်နှင့် တိုးဂိတ်တို့ကို ၀င်တိုက်ပြီး ထွက်ပြေးမောင်းနှင်ခဲ့သော ကျွန်းသစ်ခိုးသယ်သည့်ကားကို နိုဝင်ဘာ ၁၉ ရက်က ဗဟန်းမြို့နယ် အာဇာနည်ကုန်းအနီး ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရက် နံနက် ၃ နာရီ က သာယာဝတီဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးကို မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှ သစ်တောရုံးဝန်ထမ်းများက မသင်္ကာ၍ ရုံးရှေ့ဂိတ်မှ တားဆီးစစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်သွားသဖြင့် မှော်ဘီအမှတ် (၄)လမ်းမကြီးပေါ် စစ်ဆေးရေးစခန်းမှ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ရာ ၎င်းတို့က လမ်းကို ဘယ်ရီဂိတ်ချကာ ပိတ်ဆို့ထားခဲ့သည်။

ထိုသို့ ပိတ်ဆို့ထားစဉ် ယင်းကားက  ဘယ်ရီဂိတ်နှင့် မှော်ဘီတိုးဂိတ်မောင်းတံတို့ကို ၀င်တိုက်ပြီး မောင်းနှင်ထွက်ပြေးသွားခဲ့သည်။

မှော်ဘီသစ်တောဦးစီးအရာရှိက အင်းစိန်သစ်တောဦးစီးထံ အကြောင်းကြား၍ အင်းစိန်သစ်တောဝန်ထမ်းအဖွဲ့က စော်ဘွားကြီးကုန်းဂိတ်တွင် ပိတ်ဆို့တားဆီးနေစဉ် အဆိုပါကား ရောက်ရှိလာကာ ပြည်လမ်းအတိုင်း ဆက်လက်မောင်းနှင်သွားသည်ဟု ဆိုသည်။

မှော်ဘီနှင့် အင်းစိန်သစ်တောအဖွဲ့တို့သည် မော်တော်ယာဉ်သုံးစီးဖြင့် လိုက်လံဖမ်းဆီးရာ ကျွန်းသစ်ခိုးတင်လာသည့် ယာဉ်ပေါ်ပါလာသူများသည် ကျွန်းတံခါးရွက်များကို ယာဉ်ပေါ်မှ ပစ်ချပြီးနောက် လေးခွများဖြင့်ပစ်၍ အင်းလျားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားသည်။

ထိုသို့ မောင်းနှင်ထွက်ပြေးခဲ့ရာ အာဇာနည်ကုန်းအနီး ရွှေတိဂုံစေတီ မြောက်ဘက်မုခ်နားအရောက်တွင် ကားကိုချိုးကွေ့လိုက်ရာ ပလက်ဖောင်းနှင့် တိုက်မိပြီး ရှေ့ဘီးကျိုး၍ ရပ်တန့်သွားခဲ့သည်။ ယင်းသို့ရပ်တန့်စဉ် ကားပေါ်ပါလူသုံးဦးမှာ ထွက်ပြေးသွားကြသည်။

ကားပေါ်တွင် ကာလတန်ဖိုး ကျပ် ၁၁ သိန်းကျော်ခန့်ရှိ ကျွန်းတံခါးရွက်၊ တံခါးဆန်တို့ သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ပျက်စီးသွားသည့် သစ်သယ်ယာဉ်ကိုလည်း ယာဉ်ထိန်းတပ်ဖွဲ့က ထိန်းသိမ်းခဲ့သည်။ ကားထား၍ ထွက်ပြေးတိမ်းရှောင်ခဲ့သူသုံးဦးကို သစ်တောဥပဒေ ပုဒ်မ ၄၃ (က)ဖြင့် ယခုလ ၁၉ ရက်က အမှုဖွင့်ခဲ့ပြီး ဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိသည်။

7day Daily