မြန်မာဆန် ဘင်္ဂလာဒေခ်ျ့ စတင်ပို့

ပို့စ်တင်ချိန် - 11/25/2013 11:14:00 AM


တက်ကနက် ဘောင်တော်ဆိပ်ကမ်းရောက် မြန်မာမှ ကုန်တင် မော်တော်ဘုတ်များ။ ( ဓါတ်ပုံ- နိရဉ္စရာ)

တစ်ဘက်နိုင်ငံတွင် ဆန်ဈေး မရှိသဖြင့် နှစ်အတန်ကြာ ရပ်နားထားခဲ့ရသော မြန်မာ့ဆန် ဘင်္ဂလာဒေခ်ျ့သို့ တင်ပို့မူကို များမကြာမီ ရက်ပိုင်း အတွင်းက ပြန်လည် စတင်ခဲ့သည်ဟု သတင်း ရရှိသည်။

“ ယခုလ ၂၃ ရက်နေ့က ပြန်စတင်နိုင်ခဲ့တာပါ။ မြန်မာနိုင်ငံ ကနေ ဆန် (၁၇၅) မတ်ထရစ်တန် ပထမဆုံး ကျနော်တို့ နိုင်ငံကို စတင် ၀င်ရောက်လာပါတယ်” ဟု တက်ကနက်မြို့ ဆိပ်ကမ်းအရာရှိ တစ်ဦးမှ ပြောသည်။

၎င်းအရာရှိမှ သတင်းထောက်များသို့ ထုတ်ဖေါ် ပြောကြားရာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက ကုန်တင် မော်တော်ဘုတ် ၂စီးဖြင့် တက်ကနက်မြို့ ဘောင်တော် ကုန်သွယ်ရေး ဆိပ်ကမ်းမှ တဆင့် ဆန်တန်ချိန် (၁၇၅) တန် ၀င်ရောက်လာသည်ဟု ဆိုသည်။

မြန်မာဘက်မှ ဆန်များကို ဘီစ္စမီလာ နှင့် ဆွိုင်းယက် ကုမ္ပဏီတို့မှ  တင်သွင်းခြင်းဖြစ်ကြောင်း ယင်းအရာရှိက ဆက်ပြောသည်။

ယခုကဲ့သို့ မြန်မာဘက်မှ ဆန်များ တင်သွင်းလာသည့် အတွက် ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဈေးနှုန်း သက်သာစွာဖြင့် ဒေသအတွင်းက ဘင်္ဂလီ ပြည်သူများ ၀ယ်ယူစားသုံးနိုင်ကြမည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ်မှုများနှင့် အတူ မကြာခဏ နိုင်ငံလုံးကျွတ် သပိတ် တိုက်ပွဲများ  ပေါ်ပေါက်နေရာ ယင်းအချိန် အတွင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းများလည်း ရပ်တန့်သွားသဖြင့် ကုန်ဈေးနုန်းများနှင့် အတူ ဆန်ဈေးများလည်း ကြီးမြှင့်သွားကြောင်း၊ များမကြာမီက ဖြစ်ပေါ်ခဲ့သော သပိတ်တိုက်ပွဲအတွင်းတွင်လည်း ကီကို (၅၀) ဆန်တစ်အိတ်၏ ဈေးနုန်းမှာ နဂို ရှိရင်းဈေးထက်  တကာ ၁၀၀ အထိမြင့်တက်ခဲ့ကြောင်း သူက  ဆိုသည်။

အလားတူ ကြက်သွန်၊ ငရုပ်သီး၊ ကွမ်းသီးအပါအ၀င် မီးဖိုချောင်သုံးပစ္စည်းများနှင့် ဟင်းသီးဟင်းရွက် များမှာ လည်း ဈေးတက်ခဲ့သည်။ ကြက်သွန်ဈေးမှ သုံးဆခန့် မြင့်တက်သွားသဖြင့်  ပြန်လည် တည်ငြိမ်ရေး အတွက် ဘင်္ဂလာအစိုးရသည်  မြန်မာနိုင်ငံမှ ကြက်သွန် တန်ချိန် ပေါင်း များစွာကို တင်သွင်းခဲ့ရသည်ဟု သတင်း ရရှိသည်။
(Narinjara - ၂၅ နိုဝင်္ဘာ ၂၀၁၃) / မောင်အေး