ဗုံးဖောက်ခွဲမှု ဖမ်းမိသူများကို ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေး

ပို့စ်တင်ချိန် - 11/25/2013 10:50:00 AM


ဗုံးဖောက်ခွဲမှုဖြစ်စဉ်များကြောင့် ဖမ်းဆီးထားသူများကို အနောက်ပိုင်းခရိုင် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးတင်စစ်ဆေးကာ သက်ဆိုင်ရာ တရားရုံးများသို့ လွှဲအပ်လိုက်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲခဲ့သူနှင့် ဆက်စပ်နေသူရှစ်ဦးကို ဖမ်းဆီးထားရာ နိုဝင်ဘာ ၂၂ ရက် တွင် ဒဂုံမြို့နယ်ရဲစခန်းမှတစ်ဆင့် အနောက်ပိုင်းခရိုင်တရားရုံးသို့  ပြောင်းလဲစစ်ဆေးကာ ဖမ်းမိထားသူထဲမှ နှစ်ဦးကို စစ်ကိုင်းတိုင်းဒေသကြီး တရားရုံးသို့ ထပ်မံလွှဲအပ်လိုက်ကြောင်း အဆိုပါရဲအရာရှိက နိုဝင်ဘာ ၂၃ ရက်တွင် ပြောသည်။

ယခုတရားရုံးထုတ်ရာတွင် နိုဝင်ဘာ ၁၈ ရက်က ကျောက်ကြီးမြို့တွင် ဖမ်းမိထားသော တောင်ငူမြို့၊ ချမ်းမြေ့တည်းခိုရိပ်သာ ဗုံးပေါက်ကွဲမှုသံသယတရားခံ စောထွန်းထွန်းမပါဝင်ကြောင်း သတင်းရရှိသည်။
““သူတို့အမှုက ခရိုင်အဆင့်က စစ်ဆေးရမှာမို့ အနောက်ပိုင်းခရိုင် တရားရုံးမှာ သောကြာနေ့က ရုံးထုတ်ပြီး အဲဒီထဲကနှစ်ယောက်ကို စစ်ကိုင်းကို လွှဲလိုက်တယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းဌာနမှ ရဲအရာရှိက ပြောသည်။

တောင်ငူ၊ ဖြူး၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ နမ့်ခမ်းတို့တွင် ၂၀၁၃ ခုနှစ် အောက်တိုဘာ တစ်လအတွင်း ဗုံးကိုးလုံးပေါက်ကွဲကာ မပေါက်ကွဲသေးသည့် ဗုံးလေးလုံး ရှင်းလင်းခဲ့ရသည်။ ယင်းဗုံးပေါက်ကွဲမှုများနှင့် ဆက်စပ်၍ ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့ဝင်များအပါအ၀င် သံသယရှိသူရှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဗုံးပေါက်ကွဲမှု ကိုးကြိမ်တွင် လူသုံးဦးသေဆုံးပြီး နိုင်ငံခြားသူတစ်ဦးအပါအ၀င် လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့လယ်ရှိ ကုန်သည်ကြီးများဟိုတယ်တွင် အောက်တိုဘာ ၁၄ ရက်ည ၁၁ နာရီ ၁၀ မိနစ်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့ဝင်များ နှင့်အတူ တူးဖော်ရေးကုမ္ပဏီပိုင်ရှင်အပါအ၀င် ကုမ္ပဏီမှ ဒါရိုက်တာနှင့် အလုပ်သမားတို့ပါ ဖမ်းဆီးခံထားရကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူက ပြောသည်။

““ကျွန်တော်တို့က အလုပ်သဘာဝအရ သူတို့နယ်မြေထဲမှ ရွှေတူးနေရတော့ သွားလာရေးကိစ္စတွေမှာ အကူအညီတောင်းလို့ ကုမ္ပဏီကားနဲ့ လိုက်ပို့ရေးရတာတွေရှိတယ်။ ဒါပေမဲ့ ဒီလိုဗုံးဖောက်တာတွေနဲ့တော့ လုံးလုံးမပတ်သက်ပါဘူး၊ သိလည်းမသိဘူး။ ရန်ကုန်မှာ ဗုံးပေါက်တဲ့အချိန်မှာလည်း သူဌေးက နေပြည်တော်လက်ဝှေ့ပွဲကို ရောက်နေတာ”” ဟု ယင်းကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

““ရွှေကုမ္ပဏီပိုင်ရှင်ကို အနောက်ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ပြီး သူ့ဒရိုင်ဘာနဲ့ နောက်တစ်ယောက်ကို စစ်ကိုင်းလွှဲလိုက်တယ်”” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှုခင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖောက်ခွဲရေးဖြစ်စဉ်တွင် အဓိကတရားခံဟု အစိုးရက ထုတ်ပြန်ထားသည့် စောနေတိုးမှာ KNU၏ စီးပွားရေးတာဝန်ခံတစ်ဦးဖြစ်ပြီး ယနေ့တိုင် လွတ်မြောက်နေဆဲဖြစ်သည်။

7day Daily