အာဆင်နယ်အနေဖြင့် နောက်ထပ် တိုက်စစ်မှူးဝယ်ရန်မလိုဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည်ဟု အာစင်ဝင်းဂါး ကြုံးဝါး

ပို့စ်တင်ချိန် - 11/25/2013 06:45:00 PM


အောင်သုတ

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ယခုနှစ်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ရန် အတွက် အာဆင်နယ်အသင်းအနေဖြင့် နောက်ထပ်တိုက်စစ်မှူး ၀ယ်ယူရန်မလိုအပ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ဒဏ်ရာကြောင့် အနားယူနေရသော အသင်း၏ တိုက်စစ်ကစားသမားနှစ်ဦးဖြစ် သော ပိုဒေါစကီးနှင့် ၀ဲလ်ကော့တို့ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မည်ဖြစ်ခြင်းကြောင့် အာစင်ဝင်းဂါးက နောက်ထပ်တိုက်စစ်မှူးဝယ်ယူရန်မလိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ယခုနှစ်ရာသီတွင် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေနိုင်သော်လည်း တိုက်စစ်မှူးစစ်စစ်အဖြစ် ဂီရော့ဒ်တစ်ဦးတည်းကိုသာ အားကိုးနေရပြီး ဂီရော့ဒ်အနေဖြင့်လည်း နောက် ပိုင်းပွဲစဉ်များတွင် ပွဲပန်းမှုဒဏ်များကြောင့် ခြေစွမ်းကျဆင်းလာခဲ့ပြီး နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ် ငါးပွဲ တွင် နှစ်ဂိုးသာ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် လာမည့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူး ၀ယ်ယူရန် လိုအပ်နေပြီဖြစ်ကြောင်း သုံးသပ်မှုများရှိလာခဲ့ခြင်း အပေါ် အာစင်ဝင်းဂါးက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အာစင်ဝင်းဂါးသည် ဆောင်းရာသီပွဲကျပ်ကာလတွင် အသင်း၏တိုက်စစ်ပြဿနာကို တိုက်စစ်မှူးဟောင်း အွန်နရီကို ခေါ်ယူ၍ ဖြေရှင်းလေ့ရှိပြီး ယခုနှစ်ရာသီတွင်မူ အွန်နရီလာရောက်ကစားတော့မည် မဟုတ် ကြောင်း ၎င်းကဆိုခဲ့သည်။ အာဆင်နယ်သည် လာမည့်အပြောင်းအရွှေ့တွင် မန်စီးတီးတိုက်စစ်မှူး ဒီဇီကို၊ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာတို့ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သတင်းထွက်ပေါ်နေသည်။\
Mizzima - News in Burmese