သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲ ၈၈ မျိုးဆက်ကျောင်းသားများ တက်ရောက်

ပို့စ်တင်ချိန် - 11/03/2013 05:29:00 PM


ရန်ကုန်၊ နိုဝင်ဘာ ၂

အာဏာရှင်စနစ်နှင့် ခရိုနီဝါဒကို တိုက်ဖျက်ရန် ထုတ်ဝေသည်ဆိုသော သူရိယနေဝန်းဂျာနယ် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ ၁၀၁ စားသောက်ဆိုင်နှင့် KTV ဆိုင်တွင် ပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ABSDF အဖွဲ့ဝင် ပုဂ္ဂိုလ်များ တက်ရောက်ပြီး ၎င်းတို့၏ သဘောထားအမြင်များကို ပြောကြားခဲ့သည်။

ထို့ပြင် ၈၈ မျိုးဆက် ကျောင်းသားလည်းဖြစ်၊ ABSDF တပ်ရင်းမှူးလည်း ဖြစ်သူ ဦးခင်မောင်စန်းကလည်း ငြိမ်းချမ်းရေး အဖွဲ့အစည်းအနေနဲ့ သူရိယနေဝန်း ဂျာနယ်နောက်တွင် ရှိကြောင်း၊ သူရိယနေဝန်း ဂျာနယ်မှာ စတင်ထုတ်ဝေခါစဖြစ်၍ အမှားအယွင်း ရှိပါက ခွင့်လွှတ်စေလို ကြောင်း ဂျာနယ်အချင်းချင်း မတိုက်ခိုက်စေလိုကြောင်း ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

သူရိယနေဝန်းဂျာနယ် အနေဖြင့် ခရိုနီ တစ်ဦးချင်းကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေခြင်း မဟုတ်ကြောင်း၊ အာဏာရှင်ဝါဒနှင့် ခရိုနီစနစ်ကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေးသားရခြင်းမှာလည်း မီဒီယာတာဝန်ကို ထမ်းဆောင်နေခြင်းသာ ဖြစ်ကြောင်း သူရိယနေဝန်း ဂျာနယ်တိုက်၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးမိုးဟိန်းက ဆိုသည်။
“ခရိုနီတွေကို ဖော်ကောင်လုပ်တိုင်း ပြည်သူတွေဘက် ရပ်တည်တာတော့ မဟုတ်ဘူး။ ၈၈ က ထောက်ခံတာ ထောက်ခံလို့ ရတယ်။ စာနယ်ဇင်းနဲ့ နိုင်ငံရေးဆိုတာ လိုင်းမတူဘူး။ သူထောက်ခံတိုင်းလည်း မှန်တာမဟုတ်ဘူး။ သူမထောက်ခံတိုင်းလည်း မှားတာမဟုတ်ဘူး။ ခုက ဘယ်လို သဘောလဲဆိုတော့ နာမည်ကြီးတဲ့သူကို ဗွက်နဲ့ ပေါက်ရင် ငါလည်း နာမည်ကြီးမှာပဲလို့ ထင်နေတဲ့ သဘောမျိုး ဖြစ်နေတယ်။ စာနယ်ဇင်းဆိုတာ ရဲရဲတင်းတင်း ရေးလို့ရပါတယ်။ ရိုင်းလို့ မရပါဘူး။ ရမ်းကားလို့လည်း မရပါဘူး”
ဟု မြန်မာဂျာနယ်လစ်ကွန်ရက် အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးနိုင်မင်းဝေက သူ၏သဘောထားအမြင်ကို ပြောကြားသည်။

သူရိအလင်းဂျာနယ်တွင် အယ်ဒီတာများ ကန့်ကွက်သည့်ကြားက ပုဂ္ဂိုလ်ရေး ထိပါးသည့် ဆောင်းပါးများကို စီအီးအို ဦးမိုးဟိန်းက ၎င်းတစ်ဦးတည်း သဘောထားဖြင့် ထည့်သွင်း ဖော်ပြခဲ့မှုကို ကန့်ကွက်ကြောင်း၊ သူရိအလင်းဂျာနယ်ကို ဆက်လက်ထုတ်ဝေတော့မည် မဟုတ်ကြောင်း ထုတ်ဝေသူ ဦးယုနိုင်နှင့် အယ်ဒီတာအဖွဲ့က နိုင်ငံပိုင် သတင်းစာတွင် အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။
“သူရိယအလင်းဂျာနယ် ပိတ်သိမ်းခံရတာနဲ့ ပတ်သက်ပြီး ရှုတ်ချတယ်” ၈၈ မျိုးဆက်ကျောင်းသား တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က ဆိုသည်။

အဆိုပါ သူရိယအလင်းဂျာနယ်ကို ရပ်ဆိုင်းလိုက်ရပြီးနောက် သူရိယနေဝန်း အမည်ဖြစ် ဆက်လက်ထုတ်ဝေမည် ဖြစ်ကြောင်း ဦးမိုးဟိန်းက ပြောသော်လည်း ဝန်ထမ်းများမှာ ဆက်လက်လုပ်ကိုင်လိုခြင်း မရှိသဖြင့် နစ်နာကြေး တောင်းခံကာ အလုပ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း သူရိယအလင်း အယ်ဒီတာ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

မြန်မာဂျာနယ်လစ် ကွန်ရက်က အောက်တိုဘာ ၃၁ ရက်နေ့တွင် စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီဘဲ ပုဂ္ဂိုလ်ရေးဆန်ဆန် ရေးသား တိုက်ခိုက်မှုများကို ဖော်ပြခဲ့သော သူရိယအလင်းဂျာနယ်ကို ရှုတ်ချကြောင်း ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ သတင်းလွတ်လပ်ခွင့်များကို တန်ဖိုးထား ကာကွယ်ရန် လူငယ်အများစုဖြင့် ဖွဲ့စည်းထားသော မြန်မာဂျာနယ်လစ် ကွန်ရက်က ယင်းဂျာနယ်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်တွင် သတင်းမီဒီယာသမားများ လိုက်နာရန် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသော စာနယ်ဇင်းကျင့်ဝတ်နှင့် ကိုက်ညီခြင်းမရှိဘဲ မြန်မာ့ သတင်းမီဒီယာလောက၏ ဂုဏ်သတင်းကို ထိခိုက်စေနိုင်သည့် ဖော်ပြမှုများ ပါရှိနေကြောင်း၊ သတင်းမီဒီယာ အဖွဲ့အစည်းများနှင့် သတင်းမီဒီယာ လောကသားများ စုပေါင်းကာ လွတ်လပ်သော သတင်းမီဒီယာ ဥပဒေများ ပေါ်ထွက်ရန် ကြိုးစားနေချိန်၊ သတင်းမီဒီယာ လောကကို မည်သည့်အာဏာပိုင် အဖွဲ့အစည်းကမှ လာရောက် ထိန်းချုပ်ခြင်းကို လက်မခံဘဲ မိမိတို့ကိုယ်တိုင် ကြီးကြပ် ထိန်းသိမ်းကြရန် ပြောဆိုနေချိန်တွင် ထိုသို့သော ကျင့်ဝတ်နှင့် မကိုက်ညီသည့် ဖော်ပြမှုများကြောင့် သတင်းမီဒီယာ လောကကို ထိန်းချုပ်ရန် လိုအပ်သည်ဆိုသည့် အယူအဆများအား ကောင်းလာစေနိုင်ကြောင်း၊ ထိုသို့သော ရေးသားမှုများကြောင့် သတင်းမီဒီယာ လောကအပေါ် လူအများ၏ ယုံကြည်ကိုးစားမှုလည်း လျော့နည်း ကျဆင်းလာစေနိုင်ကြောင်း ပါရှိသည်။

The Voice Weekly