မြောင်းမြတွင် ခြောက်လအတွင်း မြေဈေးနှုန်းများ ၁၀ ဆကျော် မြင့်တက်လာ

ပို့စ်တင်ချိန် - 11/03/2013 02:42:00 PM

ကုန်းသာကျေးရွာရှိ ရောင်းချပြီးသော မြေယာကွက် တစ်ခုကို တွေ့ရစဉ်

မြောင်းမြမြို့နယ် မြောင်းမြမြို့ဟောင်း ရှေးဟောင်းယဉ်ကျေးမှု နယ်မြေနှင့် ထိစပ်လျက်ရှိသော နေရာများတွင် မြေကွက်၊ ဥယျာဉ်ခြံမြေ ဈေးနှုန်းများ ခြောက်လတာအတွင်း စံချိန်တင် ၁၀ ဆကျော်မြင့် တက်လျက်ရှိပြီး အရောင်းအ၀ယ်လည်း ကောင်းလျက်ရှိကြောင်း သတင်းရရှိသည်။

ယဉ်ကျေးမှု ၀န်ကြီးဌာန ရှေးဟောင်းသုတေသန ဦးစီးဌာနမှ ကျောက်တိုင်စိုက်ထူ သတ်မှတ်ထားသော မြောင်းမြရှေးဟောင်း ယဉ်ကျေးမှု နယ်မြေနှင့် ထိစပ်လျက်ရှိသော မြေယာများတွင် မြေယာဈေးများ အဆပေါင်းများစွာ စံချိန်တင် မြင့်တက်လျက်ရှိကြောင်း၊ မြောင်းမြမြို့နယ်တွင်းမှ မြေယာဝယ်လိုသူများမှာ နည်းပါးပြီး ရန်ကုန်၊ မန္တလေး၊ ထားဝယ်၊ မြိတ်မြို့များဘက်မှ လာရောက်ဝယ်ယူသူများမှာ ပိုမိုများပြားလျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

"ကျွန်တော် ဘုရားနီနားမှ မိတ်ဆွေတစ်ယောက် ခြံလိုချင်တယ်ဆိုလို့ လိုက်ဝယ်ပေးတာ၊ အရင်က တစ်ဧကကို ၁၀ သိန်းစွန်းစွန်းပဲပေါက်တဲ့ မြေကွက်တစ်ခုက အခုဆို သိန်း ၂၀၀ နီးနီး ပေးရတယ်။ ဒါတောင် ဂရန်ပါတာ မဟုတ်ဘူး။ လာဝယ်ကြတာကတော့ နိုင်ငံအနှံ့က နယ်စုံပဲ။ ဈေးဘယ်လောက် မြင့်မြင့် အရောင်းဝယ်ကတော့ ဖြစ်နေတာပဲ။ တချို့ဆို ခြံတွေပါတွေတောင် ခတ်လိုက်ပြီ" ဟု အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးက ပြောသည်။

မြေယာများ အရောင်းဝယ်လုပ်ရာတွင် ကားလမ်းမ နံဘေးနေရာများတွင်သာ မဟုတ်ဘဲ လမ်းမပေါက်သော နေရာများတွင်ပါ အရောင်းဝယ်ဖြစ်လျက် ရှိကြောင်း၊ မြေယာဈေးများမှာ ယခင်ကထက် ၁၀ ဆကျော် မြင့်တက်လာလျက်ရှိကြောင်း၊ အချို့သော မြေနေရာဈေးများမှာ မြောင်းမြမြို့တွင်း မြေကွက်ဈေးများထက် ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။

Eleven Media Group