နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အားလုံး လက်မှတ်ထိုးမည်

ပို့စ်တင်ချိန် - 11/03/2013 02:30:00 PM


လိုင်ဇာ၊ နိုဝင်ဘာ ၁

အစိုးရက ယခုလပိုင်းအတွင်း လက်မှတ်ရေးထိုးမည်ဟု ကြေညာ ထားသော နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံး ပါဝင်လက်မှတ် ရေးထိုးရန် လက်နက်ကိုင် ထိပ်သီးအစည်းအဝေး လိုင်ဇာညီလာခံက သဘောတူကြောင်း အဆိုပါ ညီလာခံ တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ပြောကြားသည်။

အောက်တိုဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့ အကျေအလည် ဆွေးနွေးမှုများအပြီး နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး မူဘောင်တစ်ခုကို ညီလာခံ တက်ရောက်လာသည့် လက်နက်ကိုင် အဖွဲ့အားလုံးက ကန့်ကွက်သူမရှိ သဘောတူခြင်း ဖြစ်ကြောင်း ညီလာခံပြောခွင့်ရ ဦးခွန်ဥက္ကာက ပြောကြားသည်။

အခန်းကိုးခန်း ပါဝင်သည့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဘုံသဘောတူညီချက်ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ကိုယ်စားလှယ်အားလုံး ပါဝင် လက်မှတ်ရေးထိုးမည် ဖြစ်ပြီး အဆိုပါ သဘောတူညီချက်ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံ ပေးပို့သွားမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

ဘုံသဘောတူချက်ကို အကောင်အထည်ဖော်ရန် Nationwide Ceasefire Coordinateting Team – NCCT ကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖွဲ့စည်းမည် ဖြစ်ကြောင်း ဦးခွန်ဥက္ကာက ဆိုသည်။
“ခုအပစ်အခတ် ရပ်စဲရေးဟာ အားလုံးအတွက် အသက်သွေးကြော ဖြစ်တယ်။ အမှားမခံဘူး။ မှားရင် အလုံးစုံပျက်သုဉ်း သွားနိုင်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

အဆိုပါ ဘုံသဘောတူညီချက်ကို အစိုးရနှင့် ဆက်လက်ဆွေးနွေး သဘောတူပြီးပါက နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ညီလာခံကိုယ်စားလှယ် ဒေါက်တာ ဆလိုင်းလျန်မုန်းက ပြောကြားသည်။
“ဒီနေ့ သဘောတူကြတဲ့မူနဲ့ အစိုးရက ကမ်းလှမ်းတဲ့မူ အများကြီးတော့ မကွာဘူး” ဟု ၎င်းကဆိုသည်။

ယနေ့ချမှတ်သည့် ဘုံသဘောတူညီချက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရန် အချိန်ကန့်သတ်ထားပြီး ၂၀၁၅ မတိုင်မီ အပြီးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ အတွက် မူဘောင်ချမှတ်ရန်နှင့် နောက်ထပ် ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရမည် ဖြစ်ကြောင်း ညီလာခံ ကိုယ်စားလှယ်များထံမှ သိရသည်။

နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် နိုင်ငံရေးပါတီ အသီးသီးမှ ဥက္ကဋ္ဌများကိုလည်း ပါဝင်လက်မှတ် ရေးထိုးရန် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း၊ အပစ်ရပ် လက်မှတ်ရေးထိုးအပြီး နိုင်ငံရေး ဆွေးနွေးပွဲများ မပြီးဆုံးမီလက်ရှိ လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက် ထားရှိသွားရန် ညီလာခံက သဘောတူ သတ်မှတ်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

အဆိုပါ သဘောတူညီချက်များတွင် ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းရေးနှင့် ယင်းတပ်မတော်သည် တိုင်းပြည်ကာကွယ်ရေး တာဝန်ကိုသာ သီးသန့်ထမ်းဆောင်ရန်၊ အရပ်ဘက် အုပ်ချုပ်မှုအောက်တွင် ထားရှိရန် စသည့်အချက်များ ထည့်သွင်းထားကြောင်း ညီလာခံ တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များက ပြောဆိုသည်။
The Voice Weekly