မာတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်း အရှိန်လွန်ထိုးကျခဲ့ရာမှ လူတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 11/03/2013 05:29:00 PM


ချင်းတွင်းမြစ်၏ မြစ်ဖျားမြို့တစ်မြို့ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာ ဆိပ်ကမ်းတွင် အောက် တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မတ်တူးကားတစ်စီး ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ရာမှ လူသေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်း အဆိုပါ ဒေသရှိ ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောကြားလိုက်သည်။

ချင်းတွင်းမြစ်ကြောင်းအတွင်းသို့ အရှိန်လွန်၍ ထိုးကျခဲ့သော မာတ်တူးကား အဖြူရောင် အမျိုးအစား ယာဉ်အမှတ် ၉ဃ/ ၃၆ ×× ယာဉ်အား ခန္တီးမြို့နယ်၊ ဆင်သေ ဆောက်လုပ်ရေးလုပ်ငန်းဆိုက် အမှတ် (၉၄၁)နေ ကိုမြင့်လေး ဆိုသူမှမောင်းနင်းလာ ခဲ့ပြီး အဆိုပါကားအား ကုန်တင်ရေယာဉ်ပေါ်သို့ တင်ဆောင်ရာတွင် အရှိန်လွန်၍ မြစ်ကြောင်းအတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ် သည်။

ထိုသို့ မြစ်ကြောင်းအတွင်းအရှိန်လွန်၍ ကားထိုးကျခဲ့သည့်အတွက် ယာဉ်မောင်းဖြစ်သူ ကိုမြင့်လေးဆိုသည် ထိုနေရာ၌ သေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ဦးရဲကိုကို ဆိုသူ၏ ၀ဲဘက်နားရွက်ပြတ်ရှ ဒဏ်ရာများရရှိခဲ့ကြောင်း သက်ဆိုင်ရာ၏ ဆေးစာမှတ် တမ်းများအရ သိရသည်။

“ ပတ်ဝန်းကျင်ရှိ ဆိပ်ကမ်းလုပ်သားများက အချိန်မီကယ်ဆယ်ပေးနိုင်တဲ့အတွက် လူတစ်ယောက်ပဲ အသက်ဆုံးရှုံးခဲ့ရတာပါ ..” ဟု အဆိုပါ ဖြစ်စဉ်အား မြင်တွေ့လိုက်ရသူ ဆင်သေကျေးရွာနေ ရပ်မိရပ်ဖတစ်ဦးမှ ပြောသည်။

ထို့နောက် မာတ်တူးကားတစ်စီး အရှိန်လွန်၍ မြစ်ကြောင်းအတွင်း ထိုးကျခဲ့သည့်နေရာသို့ ခန္တီးမြို့မရဲစခန်းမှ ဒုရဲအုပ် ထိန်ဝင်းနှင့်အဖွဲ့မှ ရောက်ရှိလာပြီ ကူညီဆောင်ရွက်မှုများပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လည်း ခန္တီးမြို့မရဲစခန်းမှ ယာဉ်(ပ) ၄ /၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄(က) / ၃၃၇/ ၃၃၈ အရ အမှုရေးဖွင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (ဖေ့ဘုတ်)