သူရိယနေ၀န်း သတင်းဂျာနယ် စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်

ပို့စ်တင်ချိန် - 11/03/2013 02:41:00 PM


သူရိယနေ၀န်း သတင်းဂျာနယ်၏ စာနယ်ဇင်း မိတ်ဆက်ပွဲနှင့် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက 101 Sport bar တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းပွဲတွင် ဦးမိုးဟိန်းက ယခင်သူရိယအလင်း ဂျာနယ်အား မိမိအနေဖြင့် အမှုဆောင် အရာရှိချုပ်အဖြစ် ဦးစီးထုတ်ဝေခဲ့ပြီးနောက် ဂျာနယ်၏ ဦးတည်ချက်အဖြစ် ခရိုနီစနစ်အား ဝေဖန်မှုများ ပြည်သူများ၏ အနိုင်ကျင့်ခံရမှုများကို ဖော်ပြခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူရိယအလင်းဂျာနယ် ဆက်လက်ထုတ်ဝေနိုင်ခြင်းမရှိ အောင်ဖိနှိပ်မှုများ ရှိလာခဲ့ကြောင်း၊ ၂၀၁၀ မတိုင်မီ ကာလဆိုပါက မိမိတို့ ဂျာနယ်တိုက်ကိုပင် မီးရှို့သွားနိုင်သည့် အခြေအနေရှိကြောင်း ထိုသို့သော လုပ်ရပ်များကို ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

သူရိယအလင်းဂျာနယ် ထုတ်ဝေမှု ရပ်ဆိုင်းပြီးနောက် မူလက ထုတ်ဝေခွင့် ရရှိထားပြီဖြစ်သော သူရိယနေ၀န်း ဂျာနယ်အား ဆက်လက်ထုတ်ဝေခဲ့ကြောင်းကို ၎င်းက "သူရိယအလင်းဂျာနယ် ထုတ်ဝေခွင့်ရပြီး တစ်ပတ်လောက်နေတော့ လိုလိုမယ်မယ် အနေနဲ့ ကျွန်တော့်အစ်ကိုက ထုတ်ဝေခွင့် ထပ်သွားတင်ထားတယ်။ အဲ့ဒါလေးရှိလို့သာ အခုလို ဆက်ထုတ်နိုင်တာ ဖြစ်ပါတယ်" ဟု ဆိုသည်။

မိမိတို့ဂျာနယ် အနေဖြင့် ဦးတေဇအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ခြင်း မဟုတ်ကြောင်း၊ ၎င်း၏ ရရှိနေသည့် မမျှတသည့် စီးပွားရေး လုပ်ပိုင်ခွင့်များကို ထောက်ပြခြင်းသာ ဖြစ်ကြောင်းနှင့် ဦးလော်စစ်ဟန်၊ ဦးအိုက်ထွန်း၊ ဦးကျော်ဝင်းနှင့် ဒေါက်တာစိုင်းဆမ်ထွန်းတို့၏ စီးပွားရေး လုပ်ပိုင်ခွင့်များကိုလည်း ထောက်ပြခဲ့ခြင်းသာဖြစ်ပြီး ပုဂ္ဂိုလ်ရေးအရ မုန်းတီးမှု မရှိကြောင်း၊ အလားတူ ဖိုးလပြည့် ဆိုသူကိုလည်း မမြင်တွေ့ဖူးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မီဒီယာများမှ မေးမြန်းချက်များကို ဦးမိုးဟိန်းက ပြန်လည်ဖြေကြားရာတွင် မြန်မာဂျာနယ်လစ် ကွန်ရက်၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ "လက်ရှိအချိန်မှာ စာနယ်ဇင်းလောက ကျင့်ဝတ်များဟာ အဆင်သင့် မဖြစ်သေးပါဘူး။ အဲတော့ အဲ့လိုကာလမှာ ကျွန်တော်တို့က အဲဒါကို စောင့်ပြီးတော့ ရေးရမှာလား။ ကျွန်တော်သည် အဲဒီစာနယ်ဇင်း ကျင့်ဝတ်ကို ဒီမိုကရေစီနိုင်ငံသစ် ရောက်တဲ့နေ့ကျမှ ကျွန်တော်သည် ဒါတွေကို ရေးရမှာလား။ အဲဒီနေ့အထိ ကျွန်တော်စောင့်နေရမှာလား။ ကျွန်တော်တို့ တိုင်းပြည်လူထု စားစရာ ဆန်မရှိတာက မနက်ဖြန် သန်ဘက်ခါ မရှိရင် ငတ်ပြီးသေပြီ။ ကျွန်တော်တို့ စောင့်လို့မရတော့ဘူး။ ကျွန်တော့်ရဲ့ စေတနာ၊ လူထုပေါ်ထားတဲ့ ဆန္ဒကို ကျွန်တော်တင်ပြတဲ့ နေရာမှာ ကျွန်တော်သည် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတော့ လုံးဝမလုပ်ခဲ့ဘူး။ သို့သော် အဲလိုတိုင်းပြည်ကို လက်ဝါးကြီးအုပ်ရင် အာဏာရှင်ဆန်တဲ့ ပုဂ္ဂိုလ်တွေရဲ့ လုပ်ရပ်ကိုတော့ ဝေကိုဝေဖန်ရမယ်ဆိုတာ ဒါကို ပြည်သူ့ဘက်က မှန်ကန်တဲ့ ရပ်တည်ချက်ဖြစ်တဲ့အတွက် ကျွန်တော် အဲဒီစာနယ်ဇင်းကျင့်ဝတ်ဆိုတဲ့ အရာတွေကို ခဏမသင့်တော်သေးတဲ့ အချိန်မှာ ခဏမေ့ထားပြီးတော့ လူထုဘက်က ရပ်တည်ခဲ့တဲ့ လုပ်ရပ်သာ ဖြစ်တယ်" ဟု ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိထုတ်ဝေနေသည့် သူရိယနေ၀န်း ဂျာနယ်မှာ မည်သည့်ခရိုနီ၊ မည်သည့်အစိုးရနှင့်မျှ ပတ်သက်မှု မရှိကြောင်း၊ ယခင်တွဲလုပ်ခဲ့သည့် ဦးယုနိုင်မှာလည်း ငယ်သူငယ်ချင်းမျှသာဖြစ်ပြီး ဦးသူရိန် (ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား) မှာ မိမိနှင့် မသိကြောင်း၊ မိမိသည် အမေရိကန် နိုင်ငံသား ဖြစ်ခဲ့သော်လည်း အဆိုပါဖြစ်စဉ်ကို အကာကွယ်ယူ၍ ယခုကဲ့သို့ ရေးသားနေခြင်း မဟုတ်ကြောင်း မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေရှင်း ခဲ့သည်။

ထိုရှင်းလင်းပွဲတွင် သူရိယနေ၀န်း ဂျာနယ်အား မကြာမီ အချိန်ကာလတွင် အများပိုင်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် ဥပဒေ ပညာရှင်များနှင့် တိုင်ပင်စီစဉ်နေကြောင်းနှင့် ရှယ်ယာများအား တစ်သောင်းကျပ်နှုန်းဖြင့် ရောင်းချသွားရန်ရှိကြောင်း ဦးမိုးဟိန်းက ပြောကြားခဲ့သည်။

သူရိယနေ၀န်း သတင်းဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်း မီဒီယာများသို့ ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
Eleven Media Group