မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စုအဆင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ရင်းများ အင်အားအပြည့်ချ

ပို့စ်တင်ချိန် - 11/03/2013 02:32:00 PM


မြစ်ကြီးနားမြို့တွင် ပြုလုပ်မည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲအတွက် လုံခြုံရေး တိုးမြှင့်နေသည်ကို တွေ့ရစဉ်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ မနောကွင်း၊ မဂျွယ်ခန်းမ၌ နိုဝင်ဘာ ၄ ရက်တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော် တပ်ရင်းများ အင်အားအပြည့် ချထားကြောင်း ပြည်နယ်ရဲအရာရှိ တစ်ဦးက The Daily Eleven သို့ ပြောကြားသည်။

လုံခြုံရေး တာဝန်ကျသော ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများသည် မနောကွင်းဝန်းကျင်၊ မြို့တော်ခန်းမ ၀န်းကျင်တို့တွင် အဓိက လုံခြုံရေး ယူထားပြီး တစ်မြို့လုံးနီးပါးကိုလည်း လုံခြုံရေး လုပ်ငန်းများ တင်းကျပ်စွာ ဆောင်ရွက်နေပြီး ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော်၊ တပ်မတော်အင်အား ၂၀၀ ကျော်တို့ဖြင့် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ယင်းလုံခြုံရေး ကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်ရဲအရာရှိ တစ်ဦးက "ရဲတပ်ဖွဲ့ဝင်တွေကတော့ မြစ်ကြီးနား ရဲတပ်ရင်းနဲ့ မြို့နယ်အတွင်းက အင်အားအနည်းငယ်စီတောင်းပြီး ဆောင်ရွက်နေတာပါ။ ယာဉ်ထိန်းရဲကတော့ မလုံလောက်လို့ တခြားမြို့တွေကပါ ခေါ်သုံးရတယ်။ ရဲတပ်ဖွဲ့အင်အားနဲ့ လုံခြုံရေး ပြည့်စုံပေမယ့်၊ အရေးကြီးတဲ့ ဆွေးနွေးပွဲ ဖြစ်တဲ့အတွက် ချွတ်ယွင်းချက် မရှိအောင်လို့ တပ်မတော်က လာကူတာပါ" ဟု ဆိုသည်။

လုံခြုံရေး အစောင့်ကျသော တပ်မတော် အရာရှိ တစ်ဦးက "လုံခြုံလေ ပိုကောင်းလေ ဖြစ်အောင်ပါ။ တပ်ရင်းသုံးရင်းနဲ့ လုံခြုံရေး ကိရိယာတွေအားလုံး ပါလာပါတယ်" ဟု ဆိုသည်။ ယခင်က ယင်းဆွေးနွေးပွဲ နေရာအတွက် ၀န်ကြီးများ ရုံးအတွင်းရှိ ဆမားခန်းမ၊ မြို့တော်ခန်းမတို့တွင် ပြုလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း ယခုနီးကပ်သည့် အချိန်မှ မနောကွင်း မဂျွယ်ခန်းတွင် ပြောင်းလဲသတ်မှတ် ခဲ့သည်အတွက် စည်ပင်ဝန်ထမ်းများ၊ အခမ်းအနား ပြင်ဆင်ရန် တာဝန်ကျသူများက အပူတပြင်း ဆောင်ရွက်နေရကြောင်း ယင်းတာဝန်ကျ ပုဂ္ဂိုလ်များက ဆိုသည်။

မြစ်ကြီးနားမြို့ ဆွေးနွေးပွဲသို့ တက်ရောက်မည့် လက်နက်ကိုင် အဖွဲ့များ၏ စာရင်းကိုမူ နိုဝင်ဘာ ၂ ရက် ညနေပိုင်းအထိ အတိအကျ ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

Eleven Media Group