လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို တရားဝင် ကန့်ကွက်မည်

ပို့စ်တင်ချိန် - 11/03/2013 08:59:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၁။

လျှပ်စစ်မီး ပုံမှန်မလာဘဲ မီတာခတိုးမြှင့်ခြင်းကို ရန်ကုန်မြို့ နှင့် မန္တလေးမြို့ ကြီးများတွင် တရားဝင်
ကန့်ကွက်မှုအမျိုးမျိုးကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့မှ အထက်မြန်မာ ပြည် တာဝန်ခံဦးသိန်းအောင်မြင့်က ပြောကြားသည်။

ကန့်ကွက်မှုများကို မည်သည့်ပုံစံဖြင့် ပြုလုပ်သွားမည်ကို မဆုံးဖြတ်ရသေးသော်လည်း နိုဝင်ဘာလအတွင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မီတာထိန်းသိမ်းခကို ၁၀၀၀ ကျပ်မှ ၅၀၀ ကျပ်သို့ လျော့ချပြီးနောက် မကြာမီပင် မီတာခများကို ရုတ်တရက် မြှင့်တင်လိုက်သည့်အပြင် အသစ် သတ်မှတ်လိုက်သည့် မီတာခဈေးနှုန်းများမှာ အလွန်အကျွံမြင့်မားနေခြင်း ကြောင့် ပြည်သူများ အကြားဝေဖန်မှုများလည်းဖြစ်ပွားနေသည်။

“ဘာတစ်ခုမှ အာမခံချက်မရတဲ့ ဈေးတက်ခြင်းပဲ” ဟု မန္တလေးမြို့ခံ နိုင်ငံရေးလှုပ်ရှားသူ ဦးညီကျော်က ဆိုသည်။

ဒီမိုကရေစီရေးစဉ်ဆက်မပြတ်လှုပ်ရှားသူများအဖွဲ့သည် ၂၀၀၇ ခုနှစ် စက်တင်ဘာတော်လှန်ရေးမတိုင်မီက ဖွဲ့စည်းခဲ့သည့် ကုန်ဈေးနှုန်းကျ ဆင်းရေးကော်မတီလည်း ဖြစ်သည်။

ဥာဏ်လင်းထက်