လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှု ရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ဟု စားသောက်ကုန် အသင်းဥက္ကဋ္ဌ ပြောကြား

ပို့စ်တင်ချိန် - 11/03/2013 09:20:00 AM

စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း အစည်းအဝေးပွဲကို တွေ့ရစဉ်
လျှပ်စစ်ဓာတ်အားခ မြင့်တက်လိုက်ခြင်းဖြင့် ပြည်တွင်းစားသောက်ကုန်ထုတ် လုပ်ငန်းများအပေါ် သက်ရောက်မှုရှိနိုင်ပြီး ကုန်ချောဈေးများ တက်သွားနိုင်ကြောင်း မြန်မာနိုင်ငံ  စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက နိုဝင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသော နှစ်ပတ်လည် စုံညီအစည်းအဝေးပွဲတွင် ပြောကြားသည်။
လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ နိုဝင်ဘာ ၁ ရက်မှ စတင်ကာ ဓာတ်အားခများကို (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်အထိ တိုးမြှင့်သတ်မှတ် လိုက်ခြင်းအပေါ် ၎င်းကသုံးသပ် ပြောကြားခဲ့ခြင်းဖြစ်သည်။
"ကုန်ထုတ်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် လျှပ်စစ်မီတာခ တစ်ယူနစ်ကို ၁၅၀ တိုးမြှင့် သတ်မှတ်လိုက်တာက ဈေးကွက်အတွင်း ပြန်လည်ရောင်းချမယ့် ကုန်ချောဈေးကို တစ်ဆင့်မြင့်တက် သွားစေနိုင်ပါတယ်။ မီတာခက တက်လိုက်ပြီး တစ်လ၊ နှစ်လလောက်ပဲ မီးရမယ်။ နောက်တော့ မီးပြန်မမှန်တော့ဘူးဆိုရင် စားသောက်ကုန်ထုတ် လုပ်ငန်းတွေအတွက် ထိခိုက်နစ်နာမှုတွေ ဖြစ်လာနိုင်ပါတယ်" ဟု ဦးဇော်မင်းဝင်းက ဆိုသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံတွင် လျှပ်စစ် မီတာခနှင့် အထွေထွေ ကုန်ကျစရိတ်များ မြင့်တက်ခြင်းကြောင့် ၂၀၁၅ တွင် လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ်အရ ၀င်ရောက်လာမည့် အခြားနိုင်ငံခြား ရင်းနှီးမြှုပ်နှံသည့် စားသောက်ကုန်များနှင့် ယှဉ်လျှင် မြန်မာအသေးစား၊ အလတ်စား စားသောက်ကုန်ထုတ် လုပ်ငန်းများ၏ အရည်အသွေးနှင့် ထုတ်လုပ်မှုပိုင်းတွင် အားနည်းလျက်ရှိခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
Eleven Media Group