မန္တလေးတွင် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေနေရာသစ် ဖော်ထုတ်မည်

ပို့စ်တင်ချိန် - 11/06/2013 04:33:00 PM


မန္တလေး၊ နိုဝင်ဘာ ၅

မန္တလေးမြို့တော်တွင် ပြည်သူများ စုစည်းစုဝေးနိုင်သည့် ပေ ၃၅၀ အကျယ်ရှိ အပန်းဖြေ နေရာသစ်တစ်ခု ဖော်ထုတ်မည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ လမ်းနှင့်တံတား ဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အဆိုပါ အပန်းဖြေနေရာကို မဟာအောင်မြေ မြို့နယ် ၆၂ လမ်းရှိ မနော်ရမံ ဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ဆောင်ရွက်မည် ဖြစ်ပြီး ပေ ၃၅၀ အကျယ်အဝန်း ရှိမည့် အဆိုပါ Public Center ကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ထပ်မံ ပြောကြားသည်။

“အရင်ဆုံး Public Center လုပ်မယ့် ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေအားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကို ယူပြီး တံတားအပြည့်ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစားပစ္စည်းတွေ ထားမယ်မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိက ကတော့ ပြည်သူလူထုတွေ စုဝေးပြီး စုစည်းနိုင်အောင်ပါ” ဟု ၄င်းက ဆိုသည်။

“မန္တလေးမှာ ရန်ကုန်က ပြည်သူ့ရင်ပြင် လိုမျိုး လူ သောင်းဂဏန်းဆံ့တဲ့ ရင်ပြင်မျိုး မရှိဘူး။ အဲလိုရင်ပြင်မျိုး မန္တလေးမှာ ထားပေးဖို့ လိုတယ်။ မန္တလေးမှာ အရင်တုန်းက ရှိခဲ့တဲ့ ဥယျာဉ်တွေ ကလည်း အခုမရှိတော့ဘူး။ ကျုံးဘေးကလည်း အတွဲတွေနဲ့ ဆိုတော့ အရင်ကလို မိသားစုလိုက် အပန်းဖြေဖို့ ဆိုတာ မဖြစ်နိုင်ဘူး” ဟု မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က ဆိုသည်။
The Voice Weekly