ကင်ဆာဆေးဝါး အများစုမှာ ဈေးနှုန်းမြင့်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကိုသာ ပြည်တွင်း၌ အဓိက အသုံးပြုနေရ

ပို့စ်တင်ချိန် - 11/06/2013 11:27:00 AM


ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ)ဖောင်ဒေးရှင်းရှိ ကျန်းမာရေး ၀န်ထမ်းများမှ ကင်ဆာဝေဒနာရှင်များအား ဆေးပေးရန် ပြင်ဆင်နေစဉ်
ကင်ဆာဆေးဝါး အများစုမှာ ဈေးနှုန်းမြင့်မားသည့်အတွက် ပြည်တွင်းရှိ လူနာအများစုမှာ အိန္ဒိယနိုင်ငံထုတ် ဆေးဝါးများကိုသာ အဓိကထား အသုံးပြုနေရကြောင်း "ကင်ဆာရောဂါ ကင်းစင်ရေး အသိပညာဖြင့် ကာကွယ်ပေး" ကျန်းမာရေး ဟောပြောပွဲတွင် ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားခဲ့သည်။
"လူနာရှင်တွေ ဘက်ကတော့ အကောင်းဆုံးဆေးကိုပဲ ပေးပါလို့ ပြောကြတယ်။ ဆေးတစ်မျိုးတည်းကိုပဲ အိန္ဒိယ တစ်နိုင်ငံတည်းက ကုမ္ပဏီ သုံးလေးခုခွဲပြီး လာတာရှိတယ်။ ပြည်တွင်းမှာ သူများနိုင်ငံက တင်သွင်းသမျှ ဆေးတွေကိုပဲ ဒီအတိုင်း သုံးနေရတယ်။ ဘယ်ဆေးကောင်းလဲ ဆိုတာကို ကျွန်တော်တို့ သေချာမသိနိုင်ဘူး" ဟု ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားသည်။
မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန အနေဖြင့် ပြည်ပနိုင်ငံများမှ တင်သွင်းလာသည့် ဆေးဝါးများ၏ အရည်အသွေးပိုင်း ဆိုင်ရာကို ယခုထက် ပိုမိုစစ်ဆေးရန် လိုအပ်ကြောင်းနှင့် မြို့နယ်ရပ်ကွက်များအတွင်း ရောင်းချနေသည့် ဆေးဆိုင်များတွင် ရှောင်တခင် ၀င်ရောက်စစ်ဆေးခြင်းများ ပြုလုပ်သင့်ကြောင်းကိုလည်း အဆိုပါ ဟောပြောပွဲတွင် ပါမောက္ခ ဒေါက်တာစိုးအောင်က ပြောကြားသည်။
ကင်ဆာရောဂါများကို ကင်ဆာဆေးများ အသုံးပြု၍ ကင်ဆာဆဲလ်များကို ဟန့်တားတိုက်ခိုက် ဖျက်ဆီးပစ်ခြင်းဖြင့် ကုသခြင်းဖြစ်ပြီး ကင်ဆာရောဂါကု ဆေးဝါးသစ်များ ပေါ်ထွန်းလာသည်နှင့်အမျှ ကင်ဆာရောဂါ အများစုကို သက်သာရန် (သို့) ပျောက်ကင်းရန် ဆေးဝါးများဖြင့် ကုသလာနိုင်ပြီ ဖြစ်ကြောင်းနှင့် ဆေးဝါးများဖြင့် ကုသရာတွင် ဆေးသောက်သုံးခြင်းနှင့် ဆေးထိုး/ဆေးသွင်းခြင်း နည်းလမ်းများဖြင့် ကုသလေ့ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ပြည်ပမှ ဆေးဝါးတင်သွင်းမှုမှာ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၅၀ ကျော်ရှိခဲ့ရာမှ ၂၀၁၂ -၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၂၄၄ သန်းအထိ ရှိခဲ့သည့်အတွက် သိသိသာသာ မြင့်တက်လာကြောင်း သိရသည်။
Eleven Media Group