ပုဇွန်တောင်မြို့နယ်မှ သိန်း(၁၀၀၀)ကျော်ခိုးသည့် တရားခံအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 11/06/2013 09:22:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၅

၅.၁၁.၂၀၁၃ရက်နေ့ ၀၄၃၀အချိန် ပုဇွန်တောင်မြို့နယ်၊ အမှတ်(၇) ရပ်ကွက်နေ ဦးမောင်ကျော် (ဘ)ဦးမောင်မောင်သည် အိပ်ယာမှ ထစဉ် နေအိမ်နောက်ဖေးတံခါး ပွင့်နေပြီး ပစ္စည်းများပြန့်ကျဲနေသဖြင့် စစ်ဆေးရာ အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းထားရှိသော စိန်၊ ပတ္တမြား၊ ကျောက်စိမ်း၊ ပုလဲများပါ ရွှေထည်လက်ဝတ်ရတနာပစ္စည်းမျိုးစုံ (၂၇)မျိုး၊ ငွေကျပ်သိန်း(၁၀၀)နှင့် ဆင်းကဒ်ပါ လက်ကိုင်ဖုန်း (၁)လုံး၊ စုစုပေါင်း(၂၉)မျိုး၊ ကာလတန်ဘိုးငွေကျပ်သိန်း(၁၁၀၀)ခန့်မှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိ၍ ခိုးယူသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန်တိုင်တန်းသဖြင့် ပုဇွန်တောင်မြို့မရဲစခန်း(ပ)၂၄၀/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက် ခဲ့ပါသည်။

ထိုသို့စုံစမ်းဆောင်ရွက်စဉ်တာဝန်သိပြည်သူတစ်ဦး၏သတင်းပေးချက်အရ ၁၄၃၅အချိန် ပုဇွန်တောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ပုဇွန်တောင် မြို့နယ်၊ (၂)ရပ်ကွက်၊ အနော်ရထာလမ်း၊ Ocean ကားမှတ်တိုင်အနီးတွင် အမှုမှတရားခံများဖြစ်သည့် ထိန်လင်း (ဘ)ဦးစိန်မြ၊ သာကေတမြို့နယ်၊
ကျော်ဆန်းဦး(ခ)ပေါက်စ (ဘ)ဦးကျော်လင်း၊ ဒေါပုံမြို့နယ် နှင့် စိုးမင်းထွေး (ဘ)ဦးဖိုးဟန်၊ ဇောင်းတူမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးနေသူတို့ (၃)ဦးအား အမှုမှပျောက်ဆုံးပစ္စည်း (၂၉)မျိုးအနက် (၂၄)မျိုးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများ သိမ်းဆည်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police