ပေါက်တော လူသတ် တရားခံလို့ သံသယရှိသူ စစ်တွေသို့ ယူဆောင်

ပို့စ်တင်ချိန် - 11/06/2013 04:42:00 PM


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် နိုဝင်္ဘာလ ၂ ရက်နေ့က ရခိုင်အမျိုးသမီးများအား သတ်ဖြတ် တိုက်ခိုက်ခဲ့သူဟု သံသယ ရှိသူ တစ်ဦးကို ဖမ်းဆီးရမိပြီးနောက် စစ်တွေသို့ ချက်ချင်း ယူဆောင်သွားခဲ့သည်ဟု သတင်းရရှိသည်။

နိုဝင်္ဘာလ ၄ ရက်နေ့ ညနေ ၈ နာရီတွင် သူ့အား ဖမ်းဆီးရမိကြောင်း  ပေါက်တောရဲစခန်းမှ ရဲအရာရှိ ဦးသန်းဌေးက နိရဉ္စရာသို့ပြောသည်။

“ သံယသ ရှိသူ တရားခံတယောက် ဖမ်းမိပါပြီ၊ ၄ ရက်နေ့ ညဥ့် ၈ နာရီ ၄၅ မိနစ်က ဖမ်းဆီး မိတာပါ။ ဆင်တက်မော် ဒုက္ခသည် စခန်းကို ရောက်နေတဲ့ ငှက်ချောင်းဒုက္ခသည်စခန်းက နော်ကော်ဘီပါ။ ငှက်ချောင်း ဒုက္ခသည် စခန်းက ဆင်တက် မော် ဒုက္ခသည်စခန်းကို ခိုးဝင်လာသူ ဖြစ်ပါတယ်။ ဒုရဲမှူး ဦးကျော်စိုးတို့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူမှာ ဘင်္ဂလီ လူမျိုး  နော်ကော်ဘီ၊ အသက် (၂၅)နှစ်၊ အဘ အီချူးနော်ဘီ၏ သားဖြစ်ကြောင်း သူက ဆက်ပြောသည်။

အရေးကြီးသော တရားခံ ဖြစ်သဖြင့် နော်ကော်ဘီကို ဖမ်းဆီးရမိပြီးနောက် ပေါက်တောမြို့ကို ယူဆောင်လာခြင်းမရှိဘဲ ချက်ချင်း စစ်တွေမြို့သို့ တိုက် ရိုက် ယူဆောင်သွားသည်ဟု ဦးသန်းဌေးက ပြောသည်။

“ ပေါက်တောကို မရောက်ပါ။ စစ်တွေကို တခါတည်း ယူဆောင်သွားပါတယ်။  စစ်တွေမှာဘဲ မနေ့က ရမန်ယူပါတယ်။ သူရဲ့အမှုကို စစ်တွေကဘဲ တိုက်ရိုက် ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးခံရသူ နော်ကော်ဘီကို နိုဝင်္ဘာလ ၄ ရက်နေ့ ညဥ့်အချိန်တွင် စစ်တွေသို့ ယူဆောင်လာပြီး ယခုအခါ စစ်တွေထောင်ထဲတွင် ထိန်းသိမ်းထားကြောင်း  အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ခင်မောင်လှက နိရဉ္စရာသို့ ပြောသည်။

“ ထောင်ကိုပို့လိုက်ပြီ ဖြစ်ပါတယ်။ ညဥ့် ၁၁ နာရီမှ ကျွန်တော်တို့ဆီကို ရောက်ပီး စစ်ဆေးကြည့်တဲ့အခါ သူက ဟုတ်မှန်ကြောင်း ၀န်ခံပါတယ်။ ကျွန်တော်ခုတ်ပြီးတဲ့အခါ သူသတိလစ်သွားတယ်။ သူမှားသွားတယ် ဆိုပြီး သူကိုယ်တိုင် ၀န်ခံပါ တယ်။ စစ်ဆေးပီးတဲ့ အခါ ထောင်ကိုပို့လိုက်ပါတယ်။ နောက်ကျန်တဲ့ တရားခံတွေကို ဆက်လက် ဖမ်းဆီးဖို့ ဆောင်ရွက်နေကြပါတယ်။ မရောက်ကြသေးပါဘူး။”

အကြမ်းဖက်မှုတွင် ပါဝင်သည့် တရားခံကို တစ်ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် တခြားပါဝင် ပတ်သက်သူများကိုလည်း လိုက်လံ ရှာဖွေ ဖမ်းဆီးနေသည်ဟု သိရသည်။

နိုဝင်္ဘာလ ၂ ရက်နေ့က ပေါက်တောမြို့နယ် ဆင်တက်မော်ရွာတွင် မတည်ငြိမ်မူများ ပေါ်ပေါက်ပြီးနောက် ဆင်အိုင်ကျေးရွာမှ အမျိုးသမီးများ မြစ်ကမ်းဘေးတွင် ရေနေဂုံး ကောက်ရန် သွားစဉ်  အကြမ်းဖက်သမား အုပ်စု တစ်ခုက တိုက်ခိုက်သည့်အတွက် ဒေါ်မလှခင် (၃၈)နှစ်မှာ ပွဲချင်းပြီး သေဆုံးပြီး  မမေသန်းခင် မှာလည်း လက်မောင်းတွင် ဓါးဒဏ်ရာပြင်းထန်စွာ ရရှိသွားဖြင့် ယခုအခါ စစ်တွေ ဆေးရုံတွင် အတွင်းလူနာ အဖြစ် ဆေးကုသမှု ခံယူလျှက်ရှိသည်။

ပေါက်တောမြို့နယ် အနောက်ရဲ ကယ်ဆယ်ရေးစခန်းတွင် စစ်တပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေး တာဝန်ယူထားသော်လည်း ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည်များသည်  အပြင်ထွက်ပြီး ပတ်ဝန်းကျင် ကျေးရွာများကို သွားရောက်ကာ ကျွဲနွားများ ခိုးယူခြင်း၊ အမျိုးသမီးများကို အကြမ်းဖက် တိုက်ခိုက်ခြင်းများ မကြာခဏ ဖြစ်ပေါ်နေသဖြင့် ဒေသခံ ကျေးရွာများက လုံခြုံရေး  အထူး စိုးရိမ်မကင်း ဖြစ်နေကြသည်ဟု သိရှိရသည်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်ရမ္မာ