တစ်နိုင်ငံလုံး အပစ်ရပ်ပြီးမှ နိုင်ငံရေး ဆွေးနွေးရန် တိုင်းရင်းသား လက်နက်ကိုင်များ သဘောတူ

ပို့စ်တင်ချိန် - 11/06/2013 03:27:00 PM


မြစ်ကြီးနား၊ နိုဝင်ဘာ ၅

အပစ်အခတ်ရပ်စဲရေး မတိုင်မီ နိုင်ငံရေးအရ ဦးစွာဆွေးနွေးရန် ပြောဆို ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲပြီးမှသာ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် သဘောတူကြောင်း မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် ပူးတွဲ ကြေညာသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခန်းမ၌ နိုဝင်ဘာလ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုများ ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပူးတွဲ ကြေညာချက်တွင် ယင်းသို့ ဖော်ပြထားခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ နိုင်ငံရေးအရ တွေ့ဆုံ မဆွေးနွေးမီ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ပြုလုပ်ရန် သဘောတူ ကြသော်လည်း ယင်းသို့ မပြုလုပ်မီ နိုင်ငံရေးဆိုင်ရာ အခြေခံ အချက်အလက် များကို ကြိုတင် ဆွေးနွေးမည် ဖြစ်ကြောင်း UNFC အတွင်းရေးမှူး (၂) ဦးခွန်ဥက္ကာက ရှင်းပြသည်။

“နိုင်ငံရေး ဆွေးနွေးပွဲမှာ လက်နက်ကိုင်နဲ့ အစိုးရတင် မဟုတ်ဘဲ နိုင်ငံရေး ပါတီတွေနဲ့ အခြားအဖွဲ့ တွေလည်း ပါဖို့လိုတယ်။ ဒီတော့ အပစ်မရပ်ဘဲ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ လက်တွေ့မကျဘူးလေ” ဟု မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ဆိုသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေးအတွက် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံး အကြိမ် အဖြစ် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံ ဆွေးနွေးသော်လည်း ပိုမိုတိကျသည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် အတွက် ဒီဇင်ဘာလအတွင်း ထပ်မံတွေ့ဆုံမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ခေါင်းဆောင်များ နှစ်ရက်ကြာ တွေ့ဆုံမှု အပြီး ဒုတိယအကြိမ် အလားတူ ဆွေးနွေးပွဲကို ဒီဇင်ဘာလအတွင်း ဘားအံမြို့၌ ကျင်းပရန်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ အမြန်ဆုံး ကျင်းပနိုင်ရန် စသည့်အချက်များ အပါအဝင် အချက် ခြောက်ချက်ပါ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်လိုက်သည်။
အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အလားအလာ များအတွက် ကျေနပ်အားရမှု ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးနှင့် အစိုးရတို့ နိုင်ငံလုံးအဆင့် အပစ်ရပ်ရေး ပြုလုပ်နိုင်ရန် အပြီးသတ် ဆုံးဖြတ်ချက်များ ချမှတ်ရေး မတွေ့ဆုံမီ ဒုတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီး အစည်းအဝေးကို KNU က အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပမည် ဖြစ်သည်။

မြစ်ကြီးနားမြို့တွင် ကျင်းပသည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် များ၏ ပထမဆုံး တွေ့ဆုံပွဲတွင် အစိုးရက အခန်း ၁၄ ခန်းပါ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ အကြား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် (မူကြမ်း) ကို တင်ပြပြီး အချက် ၁၁ ချက်ပါ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဘုံသဘောထား ရပ်တည်ချက် များကို တိုင်းရင်းသား အဖွဲ့များက တင်ပြခဲ့သည်။