အထက်ပေါင်းလောင်း ဆည်ကြောင့် လူမှုဘဝ ထိခိုက်နစ်နာမှုများ ဖြေရှင်းပေးရန် ဒေသခံများ တောင်းဆို

ပို့စ်တင်ချိန် - 11/06/2013 10:52:00 AM


ရန်ကုန်၊ နိုဝင်ဘာ ၎

ရှမ်းပြည်နယ်တောင်ပိုင်း၌ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၁၄၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်ပေါင်းလောင်း ဆည် စီမံကိန်း အကောင်အထည် ဖော်ခြင်းကြောင့် ပြောင်းရွှေ့လိုက်ရသော ၂၃ ရွာရှိ ဒေသခံများမှာ လူမှုဘဝ ထိခိုက်နစ်နာမှုများနှင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများ ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် ပြန်လည် ဖြေရှင်းပေးရန် တောင်းဆိုကြောင်း ပြောင်းရွှေ့ခံရသော ဒေသခံများက ပြောကြားသည်။

အဆိုပါ စီမံကိန်းအနီးရှိ ကျေးရွာ ၂၃ ရွာမှ လူဦးရေ ၈၀၀၀ ကျော်ခန့်မှာ ယခုနှစ် မေလကစတင်၍ တောင်ပေါ်ဒေသ မြေနေရာအသစ်သို့ ပြောင်းရွှေ့ပေးခဲ့ရပြီး နေရာသစ်တွင် လျှပ်စစ်မီး မရရှိသေးခြင်း၊ သောက်သုံးရေ မလုံလောက်ခြင်း၊ မြေကွက် လုံလောက်စွာ မရခြင်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ လုပ်ကိုင်ရန် အခက်တွေ့နေခြင်းတို့ ဖြစ်ပေါ်နေကြောင်း ပေါင်းလောင်းဒေသ ထိန်ပင် ကျေးရွာအုပ်စုမှ ဒေသခံ ဦးညွန့်ဝင်းက ပြောကြားသည်။

အထက်ပေါင်းလောင်းဆည် စီမံကိန်းနှင့် မလွတ်ကင်းဘဲ ရေဖုံးလွှမ်းခြင်း ခံရနိုင်သည့် ကျေးရွာ ၂၃ ရွာရှိ ဒေသခံများ၏ ထိခိုက်နစ်နာမှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများ အနေနှင့် လျော်ကြေး ပေးလျော်ခြင်း ရှိသော်လည်း ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ဒေသခံ တိုင်းရင်းသားများ၏ လူမှုဘဝ နစ်နာများကိုမူ ထည့်သွင်းစဉ်းစား ဖြေရှင်းပေးခြင်း မရှိသေးကြောင်း ကယန်း မျိုးဆက်သစ် လူငယ်အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဘီးခူက ဆိုသည်။

ပြောင်းရွှေ့ရသည့် ကျေးရွာများကို အိမ်ထောင်စု တစ်စုလျှင် မြေခြောက်ဧကနှင့် လျှပ်စစ်မီး ပေးမည်ဟု ရှမ်းပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်က ယခု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ အတွင်းက ပြောကြားထားခဲ့သော်လည်း ယနေ့အချိန်အထိ ရရှိခြင်း မရှိသေးသဖြင့် ထပ်မံ၍ နစ်နာမှုများကို တောင်းဆိုရခြင်း ဖြစ်ကြောင်း နေအိမ် ပြောင်းရွှေ့ ပေးခဲ့ရသူ ထိန်ပင်ကျေးရွာအုပ်စု လိန်းနီကျေးရွာမှ ဒေါ်အမာစိန်က ပြောဆိုသည်။

အဆိုပါ ဆည်မှာ စစ်တောင်းမြစ်၏ မြစ်လက်တက် ပေါင်းလောင်းမြစ်၏ မြစ်ညာပိုင်းတွင်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူရေး စီမံကိန်းကို လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနက ပြည်ပကုမ္ပဏီများနှင့် ပူးပေါင်း၍ ၂၀၀၄ ခုနှစ်က စတင်၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။

ပြောင်းရွှေ့ခံရသည့် ကျေးရွာများအတွက် လျော်ကြေးအဖြစ် ကွမ်း၊ အုန်းပင်တစ်ပင် ကျပ်သုံးသောင်း၊ လယ်တစ်ဧက ကျပ်ခြောက်သိန်း၊ ယာတစ်ဧက ကျပ်သုံးသိန်း၊ လယ်သီးနှံ လျော်ကြေး ငါးနှစ်စာ ကျပ်လေးသိန်းခွဲ၊ ယာသီးနှံလျော်ကြေး ငါးနှစ်စာ ကျပ်တစ်သိန်းခွဲကို ပေးအပ်ခဲ့ကြောင်း ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့ ထုတ်ပြန်ထားချက်အရ သိရသည်။

The Voice Weekly