သံတွဲ ခယကမှူးကားနှင့် မတော်တဆ တိုက်မူ ဆိုင်ကယ်စီး အမျိုးသမီး ဆေးရုံတင်ရ

ပို့စ်တင်ချိန် - 11/06/2013 04:44:00 PM


သံတွဲမြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူးကိုယ်တိုင် မောင်းလာသောကားနှင့် ဆိုင်ကယ်စီး လာသူ အမျိုးသမီးတစ်ဦး မတော်တဆ ယာဉ်တိုက်မူ ဖြစ်ရာမှ အမျိုးသမီးမှာ ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။
ယာဉ်တိုက်မူ ဖြစ်ပြီး ဆေးရုံတင်ထားရသူ အမျိုးသမီးမှာ သံတွဲမြို့ အရှေ့တောင်ပိုင်းနေ (ဘ)  ဦးဝင်းဇော်၏ သမီး မမိုးမိုးကျော် အသက်(၂၄)နှစ်ဖြစ်သည်။

နိုဝင်္ဘာလ ၅ ရက်နေ့ မနက် ၉ နာရီခန့်တွင် ဌာနဆိုင်ရာ ကားနံပါတ် 4F-8128 ကို ခယကမှူး ကိုယ်တိုင်မောင်းနှင်လာစဉ် တိုက်မိခြင်းဖြစ်သည်ဟု မျက်မြင် ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ခယက မှူးက ကားကို ကိုယ်ပိုင်မောင်းပြီးလာပါတယ်။ ဆိုင်ကယ်စီးတဲ့အမျိုးသမီးကလည်း လမ်းမကြီးအတိုင်း မောင်းနှင်းလာတော့ တစ်စီးနဲ့တစ်စီး ၀င်တိုက်မိတာ ဖြစ်တယ်။ ၀င်တိုက် လိုက်တာနဲ့ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးက လွင့်စင်သွားပြီးတော့ ဒဏ်ရာ ရသွားတော့ ဆေးရုံကို ယူဆောင်သွားတာ တွေ့လိုက်ရပါတယ်။”

ကားတိုက်ခံရသူ မမိုးမိုးကျော်မှာ ယခုအခါ သံတွဲဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသမှု ခံယူလျှက်ရှိသည်။

အဆိုပါ ယဉ်တိုက်မှုနှင့် ပတ်သက်ပြီး ယခု အချိန်ထိ တရားလိုဘက်မှ တစုံတရာ တရားစွဲဆိုခြင်းမရှိသေးဟု သိရသည်။
(နိရဉ္စရာ- ၆ နိုဝင်္ဘာ ၂၀၁၃) / မောင်ရမ္မာ