မြန်မာ့တပ်မတော် အရာရှိနှင့် မြန်မာကုမ္ပဏီ သုံးခုကို အမေရိကန်အစိုးရ ပိတ်ဆို့အရေးယူ

ပို့စ်တင်ချိန် - 12/19/2013 01:52:00 PM



ရန်ကုန်၊ ဒီဇင်ဘာ ၁၈

အမေရိကန်ပြည်ထောင်စု သမ္မတ အိုဘားမား အစိုးရ အဖွဲ့က မြောက်ကိုရီယား နိုင်ငံနှင့် စစ်ရေးအရ ပတ်သက်မှု၊ လက်နက် ရောင်းဝယ် ဖောက်ကားမှုများတွင် ပါဝင်နေသဖြင့် မြန်မာ့စီးပွားရေး လုပ်ငန်း သုံးခုနှင့် တပ်မတော်အရာရှိ တစ်ဦးကို ပိတ်ဆို့ အရေးယူမှု ပြုလုပ်လိုက်ကြောင်း ဒီဇင်ဘာလ ၁၇ ရက်နေ့က အမေရိကန် အစိုးရက ထုတ်ပြန် ကြေညာလိုက်သည်။

မြန်မာနိုင်ငံသည် ၂၀၁၂ခုနှစ် နိုဝင်ဘာလ အတွင်းက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် (၁၈၇၄) အရ မြောက်ကိုရီးယား နိုင်ငံမှ စစ်လက်နက်များ ဝယ်ယူခြင်း၊ စစ်ဘက်ဆိုင်ရာ အထောက်အပံ့များ ရယူခြင်း လုံးဝမပြုလုပ်ရဆိုသော အချက်ကို လိုက်နာပါမည်ဟု တရားဝင် ကြေညာထားသည်။

သို့သော် ကတိပြုချက်များကို ချိုးဖောက်၍ မြန်မာအစိုးရ၏ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးဌာနမှ ဒုတိယ ဗိုလ်မှူးကြီး ကျော်ညွန့်ဦး၊ Asia Metal ကုမ္ပဏီ၊ စိုးမင်းထိုက် ကုမ္ပဏီနှင့် Excellence သတ္တုထုတ်လုပ်ရေး ကုမ္ပဏီတို့က မြောက်ကိုရီးယားနိုင်ငံမှ လက်နက် ဝယ်ယူသဖြင့် အမေရိကန် အစိုးရက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အမေရိကန်အစိုးရက ပိတ်ဆို့မှုသည် အဆိုပါ တပ်မတော် အရာရှိနှင့် စီးပွားရေး လုပ်ငန်းများကိုသာ တိုက်ရိုက် သက်ဆိုင်စေမည် ဖြစ်ကြောင်း၊ မြန်မာအစိုးရကို ကိုယ်စားမပြုကြောင်း အမေရိကန် အစိုးရ၏ အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြောက်ကိုရီးယား နိုင်ငံ၏ စစ်လက်နက် ထုတ်လုပ် ရောင်းချသည့် အန္တရာယ်ကြီးသော လုပ်ငန်းကို အဆုံးသတ်စေရန်အတွက် ယင်းနိုင်ငံမှ လက်နက်ဝယ်ယူ အားပေးသည့် မည်သူ့ကိုမဆို ပိတ်ဆို့ အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း အမေရိကန် အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်အစိုးရက ချမှတ်ခဲ့သည့် အဆိုပါ ပိတ်ဆို့ အရေးယူမှုအရ ယင်းပုဂ္ဂိုလ်များ၊ ကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အမေရိကန် ပြည်ထောင်စု၏ စည်းမျဉ်း စည်းကမ်းများကို ကျော်လွန်၍ တစ်စုံတစ်ရာ အထောက်အပံ့ ပေးအပ်ခြင်းတို့ မပြုကြရန် အမေရိကန် နိုင်ငံသားများကို တားမြစ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအစိုးရ၏ မစ်ဇိုင်း သုတေသနနှင့် ဖွံ့ဖြိုးရေးဌာန အကြီးအကဲ နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို မြောက်ကိုရီးယားနိုင်ငံမှ စစ်သုံးပစ္စည်းများ ဝယ်ယူခဲ့သောကြောင့် အမည်ပျက် စာရင်းတွင် ထည့်သွင်း၍ ပိတ်ဆို့မှုများ ပြုလုပ်ကြောင်း အမေရိကန် အစိုးရက ဇူလိုင် ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယားနိုင်ငံမှ လက်နက် တင်သွင်းမှုဖြင့် မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး ရုံကိုလည်း အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ယနေ့တိုင် အမေရိကန် အစိုးရ၏ အမည်ပျက် စာရင်းတွင် မြန်မာနိုင်ငံမှ ထိပ်တန်းစီးပွားရေး လုပ်ငန်းများဖြစ်သည့် ဒဂုံ အင်တာနေရှင်နယ်သစ် ကုမ္ပဏီ၊ မက်စ်မြန်မာ ကုမ္ပဏီ၊ ရော်ရယ်ကုမုဒြာ ဟိုတယ်စု အပါအဝင် စင်ကာပူနှင့် တရုတ်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားပိုင် ကုမ္ပဏီအချို့ ပါဝင်နေကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်သည့် စာရင်း မှတ်တမ်းများအရ သိရသည်။

အမေရိကန် အစိုးရသည် ယခင် တပ်မတော်အစိုးရ လက်ထက်ကပင် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုများကြောင့် မြန်မာ့တပ်မတော် အရာရှိများ၊ ခေါင်းဆောင်များ အပါအဝင် စီးပွားရေး လုပ်ငန်းရှင် အချို့ကို ၁၉၉၆ ခုနှစ်မှ စတင်ကာ အမည်ပျက် စာရင်းသွင်း၍ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ခဲ့သည်။

သို့သော် ယခုနှစ် မေလအတွင်းက အမေရိကန် အစိုးရသည် ယခင်တပ်မတော် အစိုးရနှင့် ပတ်သက်သည့် အစိုးရ အရာရှိများ၊ ခေါင်းဆောင်များကို အမည်ပျက် စာရင်းမှ ပယ်ဖျက်၍ ပြည်ဝင်ခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးကြောင်း၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘဏ္ဍာရေးအရ ချမှတ်ထားသော ဆန်ရှင်များကိုလည်း တစ်နှစ်တိုးမြှင့် ဆိုင်းငံ့ ဖြေလျှော့ပေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းကြေညာချက်တွင်ပင် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံတွင် ပြည်တွင်း လုံးခြုံရေး အခြေအနေ စိတ်မချရခြင်း၊ မြောက်ကိုရီးယား နိုင်ငံနှင့် စစ်ရေးအရ ပတ်သက်မှုများ ရှိနေခြင်းကြောင့် ပိတ်ဆို့မှုအချို့ ဆက်လက်တည်မြဲမည် ဖြစ်ကြောင်း ထည့်သွင်း ကြေညာထားသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံသည် စစ်ရေးအရ ဆက်ဆံမှု လုံးဝမရှိဟု နိုင်ငံတော်သမ္မတနှင့် သမ္မတပြောရေး ဆိုခွင့်ရှိသူ ဦးရဲထွဋ်တို့က အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

The Voice Weekly Myanmar