ဆောက်လုပ်ရေးချေးငွေများပေးမည့် ဘဏ်သစ်တစ်ခု ဇန်န၀ါရီတွင်ဖွင့်မည်

ပို့စ်တင်ချိန် - 12/19/2013 02:03:00 PM


သီဟကိုကို|ဒီဇင်ဘာလ ၁၉ ရက်၊ ကြာသပတေးနေ့၊ ၂၀၁၃ ခုနှစ်

ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ချေးငွေထုတ်ပေးမည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံဖြိုးရေး ဘဏ်သစ်တစ်ခုကို လာမည့်ဇန်န၀ါရီလအတွင်း စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယင်းဘဏ်၏ တာဝန်ရှိသူများက မဇ္ဈိမသို့ ပြောကြားသည်။

အဆိုပါဘဏ်အား ဆောက်လုပ်ရေးဝန်ကြီးဌာနက ၀န်ကြီးဌာနပိုင် ဘဏ်အဖြစ်ဖွင့်လှစ်မည်ဖြစ်ကာ အဓိကအားဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို သာမကဘဲ မိမိမြေပေါ်တွင်အဆောက်အအုံ ဆောက်လုပ်မည့် မြေပိုင်ရှင်များကိုပါ ငွေကြေးပံ့ပိုးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ယင်းတို့က ဒီဇင်ဘာ ၁၇ ရက်တွင် မဇ္ဈိမသို့ပြောကြားသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ လက်ထောက်အထွေထွေ မန်နေဂျာ ဦးတင်ယုက “လို အပ်တဲ့ အထောက်အထားခိုင်မာတဲ့ မြေပိုင်ရှင်၊ ဆောက်လုပ်ရေးကုမ္ပဏီ၊ တစ်ဦးတည်း ပိုင်လုပ်ငန်း ဘယ်သူ့ကိုမဆိုကို ချေးသွားမယ်။ ဘဏ်ရဲ့အဓိကရည်ရွယ်ချက်ကိုက အိမ်ရာတွေ ဖွံ့ဖြိုးတိုးတက်လာ ဖို့ပါဟု မဇ္ဈိမသို့ပြောကြားသည်။

အထက်ပါကဲ့သို့ ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ငွေချေးပေးရာတွင် ဆောက်လုပ်မည့်လုပ်ငန်း၏ တန်ဖိုးပမာဏအပေါ်မူတည်ကာ ချေးငွေပမာဏကို ချိန်ဆဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းက ဆက်ပြောသည်။

ဦးတင်ယုက “တချို့ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေက ငွေအရင်းအနှီးသိပ်မလိုအပ်ကြဘူး။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေကတော့ တည်ဆောက်ရမယ့် အတိုင်းအတာအလိုက် အရင်းအနှီးထပ်လိုကြတယ်၊ ဘဏ်ကငွေလိုအပ်တဲ့ Construction တွေကို အဓိကငွေချေးပေးမှာပါ” ဟု ပြောသည်။

အဆင့်မီအဆောက်အအုံနှင့် အိမ်ရာများဖွံ့ဖြိုးတိုးတက်လာမှသာ ရန်ကုန်မြို့ရှိ အိမ်ခြံမြေဈေးကွက်တွင် သင့်တင့်သော အရောင်းဈေး၊ အငှားဈေးများဖြစ်ပေါ်နိုင်မည်ဟု စိုင်းခွန်နောင် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ၀န်ဆောင်မှုကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးရန်အောင်ကပြောသည်။

အထက်ပါဘဏ်သစ်အနေဖြင့် ဇန်န၀ါရီလအတွင်း ရန်ကုန်မြို့ ဗဟန်းနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ရုံးချုပ်နှင့် ဘဏ်ခွဲနှစ်ခုကို စတင်ဖွင့်လှစ်မည်ဖြစ်ကာ ထပ်မံ၍ ရန်ကုန်တိုင်းအတွင်းရှိ အခြားမြို့နယ် များနှင့် နေပြည်တော်၊ မန္တလေး၊ တောင်ကြီး၊ ပြည်၊ မကွေး၊ တောင်ငူ၊ ပဲခူး၊ ပုသိမ်တို့တွင် ဘဏ်ခွဲများ ဆက်လက်ဖွင့်သွားမည်ဖြစ်ကာ AGD၊ ကမ္ဘောဇဘဏ်တို့နှင့်ပူးပေါင်း၍ ငွေလွှဲလုပ်ငန်းများကိုဆောင် ရွက်နိုင်ရန် စီစဉ်နေကြောင်း ဦးတင်ယုကပြောသည်။

Mizzima Burmese