နှင်းကန့်လန့်ကာအဖွင့်

ပို့စ်တင်ချိန် - 12/19/2013 08:30:00 AM

“စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့”

ယခုလို ဆောင်းဦးကာလနှင်းတွေ ဖြိုင်ဖြိုင်ကျနေချိန်တွင် ငယ်စဉ်က အနှစ်နှစ်ဆယ်နီးပါး နားထဲစွဲနေတဲ့ သီချင်းသံကို ကြားယောင်နေမိတယ်။ အခုလို ဆောင်းဦးပေါက် စနေနေ့လို ညမျိုးမှာ နောက်ရက် မနက် စောစော လမ်းလျှောက်ပွဲဆင်နွဲဖို့အတွက် စာရင်းကောက် လှုံ့ဆော်ပြင်ဆင်ကြတယ်။ ရပ်ကွက်ထိပ် ကင်းတဲမှာက ညလုံးပေါက် ဆန်ပြုတ်အိုး ကြီးတည်ထားပြီး အလှည့်ကျကင်းစောင့်ကြရမယ့် အိမ်ထောင် ဦးစီးတွေ အိမ်ဆန်အိုးထဲက ဆန်တစ်ဆုပ်တစ်ခွက် ယူလာတာပါ။ ထင်းမီးဖိုကြီးအမြဲမပြတ်ဖိုထားပြီး ကျပ်ခိုးတွေကြွပ်တက်နေတဲ့ ဒန်အိုးကြီးတစ်လုံးနဲ့ ဆန်ပြုတ်များ ကျိုထားခြင်း ဖြစ်တယ်။ သည်တုန်းက ကျွန်တော်တို့က ဘာရှိဦးမလဲ။ ၁၃ နှစ် ၁၄ နှစ်သားပေါ့။ ကလေးမဟုတ် လူကြီးမဟုတ်စကအရွယ်။ ကင်းတဲမှာ ရပ်ကွက်ထဲက အိမ်နီးချင်းတွေ နှင့်မို့ အိမ်ကလည်း စိတ်ချတယ်။

ဆန်ပြုတ်အိုးကြီး ပွက်ပွက်ဆူတော့ ရှိတဲ့ ဇလုံ၊ ပန်းကန်တွေနဲ့ အငွေ့ချောင်းချောင်းထမျှကို တဖူးဖူး မှုတ်သောက်ရတာ ၀နိုင်ဖွယ်မရှိပါဘူး။ ရုံတော်ကြီး နန်ကင်းအလင်းဆိုင်က အီကြာကွေးတွေ ၀ယ်လာ သူက ၀ယ်လာတယ်။ တစ်ညလုံးနီး ပါးလမ်းလျှောက်လိုက်။ မီးလှုံလိုက်၊ ဆန်ပြုတ်သောက်လိုက်၊ လက်ဖက်ရည်သောက်လိုက်နဲ့ သန်းခေါင်ကျော် နာရီပြန်နှစ်ချက် လောက်ရောက်တာနဲ့ ဓမ္မာရုံက ခဏ ယူထားတဲ့ အသံချဲ့စက်ကြီးကို ဂျစ်ကားဘောနက်ပေါ်တင်ပြီး အသံကို အသားကုန်တင်ကာ “ဟဲလို တက်စတင်း၊ တက်စတင်း ၀မ်း၊ တူး၊ သရီး၊ ဖိုး” ကို ကင်းတဲရှိ လူကုန်အသံပြဲကြီးတွေနဲ့ စမ်းသပ်ကြပြီး နောက် ...

“စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ သီချင်းရီကော်ဒါခွေကြီးကို အပြန် ပြန်အလှန်လှန် ဖွင့်တော့တယ်။ တစ်ရပ်လုံးကြားအောင်လည်း ဟွန်းကြီးကို ထမ်းပြီး အရပ်ရှစ် မျက်နှာလှည့်ရသေးတယ်။ သုံးနာရီထိုးတော့ တစ်ရပ်ကွက်လုံးနိုးပြီ။ ဟိုအိမ်သည်အိမ်က ချောင်းဟန့်သံ တွေ ကြားလာရပြီ။ ဖယောင်းတိုင်မီး၊ မှန်အိမ်မီးလေးတွေလင်းလက်လာပြီ။ တစ်အိမ်နဲ့ တစ်အိမ်လှမ်း အော်ပြီးနှိုးသံတွေ ဆူညံလာတယ်။ လက်မှတ်ထိုး စာရွက်တွေလည်း အဆင်သင့်ပြင်ထားကြတယ်။ ကင်းမှူးက သူ့တစ်အိမ်လုံးက အိမ်ထောင်စု ဇယားပေါက်နာမည်တွေကို လမ်းလျှောက်တက်ရောက် လက်မှတ်ထိုးစာရွက်မှာစပြီး ဖြည့်သွင်းတယ်။ လသားအရွယ် ကလေးငယ်လေးနာမည်လည်းပါနေတာ မို့ မသင့်လျော်ပါဘူးလေဟုဆိုကာ မှင်နဲ့ ကြောင်ပစ်နေတယ်။ မကြာမီ ရပ်ကွက်တွင်းမှ တစ်အိမ် တစ် ယောက်အနည်းဆုံးတဖွဲဖွဲ ရောက်လာပြီး လက်မှတ်ထိုးကြတာပေါ့။ ကင်းမှူးက နံနက် ၄ နာရီနောက် ဆုံးစာရင်းလက်ခံမှာတဲ့။ တနင်္လာနေ့နံနက် သမ၀ါယမဆိုင်အဖွင့်မှာ ဆပ်ပြာတစ်ဖြတ်စီကို သမ၀ါယမ အသင်းသားစာအုပ်နဲ့ လာရောက်ထုတ်ယူကြဖို့လည်း ဆော်သြကြတယ်။

နံနက်လေးနာရီထိုးတော့ ဂျစ်ကားပေါ်က အသံချဲ့စက်က “စောစောအိပ်လို့ စောစောထလို့ စောစော လမ်းလျှောက်ကြပါစို့”သီချင်းသံတညံညံနဲ့ မြို့နယ်စုရပ်ကို ရပ်ကွက်သူ ရပ်ကွက်သားတွေ ဦးတည်ကြ တော့တယ်။ မိကျောင်းတံတားအတက် လမ်းမီးပျက်နေတော့ မှောင်ရိပ်မှာ တချို့က အပေါ့သွားသလို လိုနဲ့ နဝေတိမ်တောင်လုပ်နေလို့ မြို့နယ်ရုံးမှာ လူစာရင်းထပ်စစ်ဦးမှာနော်လို့ ကင်းမှူးက တကြော်ကြော် အော်နေတယ်။ ဒီလိုနဲ့ မြို့နယ်ရုံးရှေ့မှာ ရပ်ကွက်ပေါင်းစုံ တစ်စုတစ်ဝေးရောက်ရှိလာပြီး နံနက်ငါးနာရီ ထိုးတာနဲ့ “စောစောအိပ်လို့၊ စောစောထလို့၊ စောစောလမ်းလျှောက်ကြပါစို့” ဆိုတဲ့ သီချင်းသံ ဆူညံစွာ အရှေ့ဘက်ကျုံးဆီသို့ နှင်းမှုန်မှုန်အောက် တပျော်တပါး လမ်းလျှောက်ကြတော့တယ်။

“လူကြီးတွေကမဖြစ်လို့ အိပ်ရေးပျက်ခံပြီး လိုက်ကြတာပါတော်” သင်းက ကလေးပီပီ အိမ်မှာအိပ်မနေ ဘူး။ တကတည်း တစ်ညလုံး မိုးလင်းလို့ အမေကကျွန်တော့်ကို မြည်တွန်တောက်တီးတယ်။ “ထူးပြီး လမ်းလျှောက်ရဦးမှာလားဗျာ။ကျုပ်က ဈေးတောင်းထမ်းပြီး မနက်တစ်ခေါက်ညနေတစ်ခေါက် တစ်မြို့ လုံး လှည့်သွားနေရတာ” ဟုလည်း ဦးကြီးက ပြောပါတယ်။ ငယ်စဉ်က ဒီဇင်ဘာ လမ်းလျှောက်ကြတဲ့ အကြောင်းပါ။

                                              ×××××××××××

စာအုပ်တွေထဲက ဒီဇင်ဘာကိုတော့ ဒီလိုမှတ်သားဖူးတယ်။ ၁၉၄၂ ခု၊ မေလ ၁ ရက်မှ ၁၉၄၅ ခု မတ်လ ၂၀ ရက်အထိ မန္တလေးကို ဂျပန်ကသိမ်းပိုက်ပြီး အ၀င်မှာရောအထွက်မှာပါ စစ်မြေတလင်း ဖြစ်ခဲ့တယ်။ မန္တလေးမှာ ရွှေနန်းကြီးကအစမြို့ရဲ့ နေရာအတော်များများ ပြာပုံဘ၀ ရောက်ခဲ့ရတယ်။ စစ်ကြီးကြောင့် မန္တလးရဲ့ရုပ်ဝတ္ထုပစ္စည်းအများအပြား ပျက်စီးရတဲ့အပြင် မန္တလေးသူ မန္တလေးသားများရဲ့ စိတ်ဓာတ်များ လည်း ပြိုလဲပျက်စီးခဲ့ရတယ်။ အထူးသဖြင့် လူငယ်များရဲ့ စိတ်ဓာတ်ပျက်ပြားမှုက အဆိုးရွားဆုံး ဖြစ် တယ်။ မီးလောင်ပြင်စစ်တလင်းမှာ အိုးအိမ်များကိုဖြစ်သလို ကုတ်ကပ်နေထိုင်ကြရပြီး ပြန်လည်ထူ ထောင်ရေး၊ ကျန်းမာရေး၊ ကြံ့ခိုင်ရေးတွေကို လျစ်လျူရှုပြီး အင်္ဂလိပ်စစ်တပ်က အမွေပေးခဲ့တဲ့ အရက်၊ ဘီယာနဲ့ အပျော်အပါး လိုက်စားမှု များဖြင့်သာ ဒုစရိုက်မျိုးစုံနောက် ရေစုန်မျောပါခဲ့တဲ့ လူငယ်များချည်း ဖြစ်နေတော့တယ်။ မီးလောင်သွပ်ပြား အတွန့်အလိန်များနဲ့ ရရာသစ်သားတိုစများတိုင်ထူပြီး ရွှံ့ထဲဗွက် ထဲ ရောဂါဘယဘေးအမျိုးမျိုးနဲ့ နေထိုင်ရပေမယ့် ညနေစောင်းတာနဲ့ ရုံတော်ကြီးက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေ၊ ယမကာဆိုင်တွေမှာ တရုန်းရုန်း စည်ကားနေတယ်ဆိုကြတယ်။

ဒါကြောင့် မြို့မိမြို့ဖများနဲ့ ပညာရှင်များက “ကမ္ဘာစစ်ကြီးအပြီး လွတ်လပ်ရေးအတွက်၊ အိုးအိမ်များပြန် လည်ထူထောင်ရေးအတွက်၊ အမျိုးဘာသာ သာသနာအတွက် လူငယ်များ ကိုယ်လက်ကြံ့ခိုင်ရေး အတွက်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ၁၉၄၅ ခု ဒီဇင်ဘာ ၂၉ ရက်မှာ ဗုဒ္ဓဘာသာ ယောက်ျားလေးကျောင်း ၀င်းကြီးအတွင်း ဆောက်လုပ်ထားတဲ့ နေသူရိန်ရုံကြီးမှာ “လူမျိုးပြန်လည်ထူထောင်ရေးအတွက် ကျန်း မာရေးနှင့် အားကစားပွဲတော်” ကို ကျင်းပခဲ့တယ်။

အဲဒီမှာ ပွဲတွေနဲ့ဝေးနေတဲ့ မန္တလေးသားတွေ တခဲနက် အားပေးကြသတဲ့။ အဲဒီပွဲမှာ ကာယဗလနှင့် ကြံ့ခိုင်ရေးကို အားပေးတဲ့သီချင်းတွေ၊ ပြဇာတ်တွေ၊ တေးသရုပ်ဖော်တွေနဲ့ ရွှေမန်းမောင်မယ် ရွေးပွဲ လည်း ပါဝင်တယ်။ ယနေ့တိုင် ခေတ်စားနေတဲ့ ဆရာမြို့မငြိမ်းရဲ့ အိုလံပစ်၊ ယဉ်တစ်ကိုယ်မယ်၊ ကရ ၀ိက်သမြူးဇစ်စတဲ့သီချင်များမှာ အဲဒီပွဲအတွက်ရေးစပ်တီးမှုတ်ခဲ့တဲ့ သီချင်းများ ဖြစ်တယ်လို့ မှတ်သား ရပါတယ်။
                                                   ××××××××××××

ဒီဇင်ဘာများစွာ ကျော်ဖြတ်သွား ခဲ့ပါပြီ။နှင်းတွေကတော့ ဝေမှိုင်းစွာ ကျနေဆဲပါပဲ။ မနက်စောစော မှာတော့ ချမ်းသေးတယ်။ နေတစ်ဖျားရောက်တာနဲ့ အပူငွေ့က ရိုက်ခတ်လာတယ်။ ကျုံးနံဘေးမှာ လမ်းလျှောက်သူ၊ အေရိုးဗစ် ကစားသူ၊ ၀ူရှုးကစားသူ၊ ကြက်တောင်ရိုက်သူ၊ အနှေးပြေးသူများနဲ့ စည်း ကားနေပါပြီ။ အများတကာ ကျုံးနံဘေးမှာ စည်ကားနေချိန် ကျွန်တော်တို့ ရပ်ကွက်လေးက ငြိမ်သက် နေတယ်။ ငယ်စဉ်က ကြားဖူးခဲ့တဲ့ ဦးကြီးရဲ့ “ကျုပ်က ဈေးတောင်းထမ်းပြီး မနက်တစ်ခေါက် ညနေ တစ်ခေါက် တစ်မြို့လုံးသွားနေတာ” ဆိုတဲ့ အသံကို အဝေးဆီက နှင်းမှုန်တို့က ပါးပါးလေး သယ်ဆောင် လာလေသလား။

ဟိုး ...တောင်ဘက် ကျန်းမာရေး ကွက်သစ်ဆီက။“စွမ်းစွမ်းသန်သန်၊ လက်ရုံးထွားထွားကျားမမဟူ ခွန်အားကြီးကျယ်တက်ခေတ်ဗမာ(မြန်မာ)မယ်မွေး” ဆိုတဲ့သီချင်းသံကဖြင့် သေချာပေါက် လွင့်ပျံ့လာ ပါပြီ။

ကျွန်တော်ကတော့ အိပ်ရာထဲ ကွေးကောင်းနေဆဲပါပဲ။

Mizzima Burmese