Angry Birds ဂိမ်းဆိုက်၊ ဟက်ကာနဲ့ ထောက်လှမ်းရေးအရှုပ်တော်ပုံ

ပို့စ်တင်ချိန် - 1/31/2014 12:42:00 PM


ဟက်ကာတွေက နာမည်ကျော်ဂိမ်းတခုဖြစ်တဲ့ Angry Birds  ရဲ့ အွန်လိုင်းစာမျက်နှာကို မနေ့တုန်းက ဝင်ရောက် ထိုးဖောက်နိုင်ခဲ့ပါတယ်။
Angry Birds  အွန်လိုင်းကတော့ ဘာမှ ထိခိုက်မှု မရှိဘူး၊ မိနစ်ပိုင်းအတွင်းမှာပဲ ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။

 - တိုက်တိုက်ဆိုင်ဆိုင်ပဲ.... နယူးယောက်တိုင်းမ်သတင်းစာက တနင်္လာနေ့မှာ ရေးထားတာကတော့  အမေရိကန်ထောက်လှမ်းရေး NSA  နဲ့ ဗြိတိန်အစိုးရ ဆက်သွယ်ရေးဌာနတို့က Angry Birds ဂိမ်း လိုမျိုး အပလီကေးရှင်းတွေကတဆင့် စမတ်ဖုန်းသုံးသူများရဲ့ကိုယ်ရေးအချက်တွေကို ယူနေတယ် ဆိုတာပါပဲ။

စမတ်ဖုန်းကိုင်သူက ဂူဂဲလ်မြေပုံကြည့်မယ်၊ Angry Birds ဂိမ်း ကစားမယ် ဆိုရင်ပဲ သူ ဘယ်ရောက်နေတယ် ဆိုတာကအစ၊ အသက် ဘယ်လောက်လဲ၊ နေရပ်လိပ်စာ စသဖြင့်သော ကိုယ်ရေးအချက်အလက်တွေ တခြားအချက်အလက်တွေဟာ  အဲဒီ ထောက်လှမ်းရေးအဖွဲ့တွေဆီ ရောက်သွားမယ်လို့ ဆိုပါတယ်။

 ဒါဟာ ဖြစ်ရပ်မှန် ဆိုရင်တော့ ဂိမ်းကစားသူအများအပြား ကစားခံနေရပြီလားလို့ မေးသူက မေးပါလိမ့်မယ်။

   Twitter, Flickr, Facebook စသဖြင့် စသဖြင့်တို့ကို စမတ်ဖုန်းနဲ့ သုံးရင်လည်း အဲဒီ ထောက်လှမ်းရေးစောင့်ကြည့်မှုကနေ လွတ်မယ် မဟုတ်ပါဘူးလို့ အိုင်တီသတင်းတွေမှာ ရေးထားကြောင်း ဧရာဝတီဘလော့ ပရိသတ်တဦးက ထောက်ပြပါတယ်။

ထောက်လှမ်းရေးက ဂိမ်းတွေ၊ ဆိုရှယ် မီဒီယာတွေကတဆင့် ချောင်းနေတယ် ဆိုတာ မှန်ရင်တော့ သူတို့ရဲ့ပစ်မှတ်တွေက ဂိမ်းကစား၊ Facebook သုံးသူတွေဖြစ်မှာပေါ့။ ဂိမ်း နဲ့ Facebook ဆိုတာကလည်း အခုခေတ်မှာ အကြမ်းသမားရော အနုသမားပါ စွဲလန်းနေကြတဲ့အတွက် အဲဒီ အပလီကေးရှင်းတွေ ဖုန်းထဲ ထည့်သုံးသူများကို ခြေရာခံလိုက်ကြည့်တာဟာ ထောက်လှမ်းရေးတွေရဲ့ အလုပ်ပါပဲ။

ထောက်လှမ်းရေး ဆိုတာကလည်း အခုခေတ်မှာ နေရာတကာ တန်ခိုး သိပ်ထွားလို့ မရတော့တဲ့အတွက် သူတို့လုပ်ငန်းဆိုင်ရာတွေကို မီဒီယာထဲ ဖတ်နေကြရတာပါ။

စနိုးဒင်လိုမျိုး ထောက်လှမ်းရေးဟောင်းတွေရဲ့ ဖွင့်ချချက်များကြောင့်လည်း ထောက်လှမ်းရေးခြေတံလက်တံတွေ ပေါ်လာတာဖြစ်ပါတယ်။

အိုင်တီခေတ်မှာ ထောက်လှမ်းရေးအဖွဲ့တွေထဲ  အိုင်တီသမား အများအပြား ခန့်ထားရပါလိမ့်မယ်။

ဒါကို သတိထားမိရင်တော့  မဟုတ်တာလုပ်မယ့်သူတွေလည်း ထောက်လှမ်းရေးမျက်လုံးအောက် မရောက်ကြဖို့အတွက်၊ ပိပိရိရိဖြစ်ကြဖို့အတွက် အိုင်တီအသုံးကို လျှော့ကြလာကြတာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။

Irrawaddy ဧရာဝတီ သတင်း