တရုတ်ဂက်(စ်)ပိုက်လိုင်း အဆောက်အအုံမီးရှို့ခံရ ငဖဲမှ အလုပ်သမားရှစ်ဦးအား ဖမ်းဆီးစစ်ဆေးနေ

ပို့စ်တင်ချိန် - 1/31/2014 08:30:00 AM




အာရကန်ကိုကို၊ ရခိုင်(မြစ်မခ)၊ စစ်တွေ၊ ဇန်န၀ါရီ -၂၉

YNJG ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း Pump Station အဆောက်အအုံ
မီးရှို့မှုနှင့်ပတ်သက်ပြီး အမ်းမြို့နယ် ရဲတပ်ဖွဲ့မှ ရေပက်လောင်းခံရသူ
အလုပ်သမားတစ်ဦးအပါအ၀င် ပြစ်မှုကျူးလွန်သည့် မကွေးတိုင်းဒေသကြီး
ငဖဲမြို့နယ်မှ အလုပ်သမားရှစ်ဦးကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
အမ်းမြို့နယ်ရဲစခန်းမှသိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ဆင်ဂုံးတိုင်ကျေးရွာနယ်မြေ၌ တရုတ်နိုင်ငံ CNPC ကုမ္ပဏီ၏ လက်အောက်ခံ YNJG (YUN NAN JIAN GONG)
ဆောက်လုပ်ရေးကုမ္ပဏီမှတရုတ်အလုပ်သမားတစ်ဦးက ပြည်တွင်း အလုပ်သမားနှစ်ဦးကို အကြောင်းမဲ့ ရေသွန်ချ ပက်ဖျန်းမှုကြောင့်
တရုတ်အလုပ်သမားများနှင့် ပြည်တွင်းအလုပ်သမား တို့ အကြား စကားများရာမှ YNJG ကုမ္ပဏီ၏ ဓာတ်ငွေ့ပိုက်လိုင်း Pump Station အဆောက်အအုံကို မီးရှို့မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။

ပြည်တွင်း အလုပ်သမား၃၀ခန့်ကတရုတ်အလုပ်သမား ရေပက်ဖျန်းချသူ
များကို ရေဖျန်းခံရသဖြင့် တောင်းပန်မှုများ ပြုလုပ်ရန် ဇန်န၀ါရီ ၂၆ ရက်နေ့က ငြိမ်းချမ်းစွာ တောင်းဆိုမှုများပြုလုပ်ရာမှ အချေအတင် စကားများပြီး ပြည်တွင်း အလုပ်သမားတချို့မှာ ဒေါသအလျောက် ဇန်န၀ါရီ၂၇ရက် တွင် အဆောက်အအုံအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း
ဆင်ဂုံးတိုင် ကျေးရွာမှ ဒေသခံရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ဆောက်လုပ်ရေးကုမ္ပဏီဝင်းအတွင်းရှိ ပြည်တွင်း အလုပ်သမား များမှာ လူမျိုးရေးခွဲခြားနှိမ့်ချဆက်ဆံခံရမှု၊ တရုတ်အလုပ်သမားများနည်းတူ လုပ်ခလစာမရရှိမှု၊ အလုပ်နှင့်ပေးချေသည့် လုပ်ခလစာကွာဟကျဉ်းမြောင်းမှု အစရှိ သည့် လုပ်ငန်းပိုင်းဆိုင်ရာ မပြေမလည်သည့် ကိစ္စရပ်များကို မကျေမနပ်ဖြစ်နေမှုနှင့် အတွင်းစိတ်ခံစားချက်များပေါက်ကွဲနေကြသည့်
ပြည်တွင်းအလုပ်သမားနှစ်ဦးကို တရုတ်အလုပ်သမား V အဆောက်အအုံ အိပ်ဆောင်မှ အကြောင်းမဲ့ရေသွန်ပက်ဖျန်းသောကြောင့် ပြည်တွင်း အလုပ်သမား ၃၀ ကျော်နှင့် တရုတ်အလုပ်သမားတို့မှာ အချင်းချင်း အချေအတင် စကားများပြဿနာဖြစ်ပွားပြီးနောက် အဆောက်အအုံကို မီးရှို့ခဲ့ခြင်းဖြစ်သည်။ မီးရှို့မှုကြောင့် ဓာတ်ငွေ့ Pump Station ငါးခန်းတွဲ
နှစ်ထပ်အဆောက်အအုံတစ်လုံး၊ ကွန်ပျူတာ ၁၀စုံ၊ အဲယားကွန်း၁၀လုံး၊
ရေခဲသေတ္တာ၁၀လုံး၊ မီးခံသေတ္တာ လေးလုံး၊ ဒီဇယ်ဆီဂါလံ၂၀၀၀ နှင့် Oil Pump Station Instrun ment Complete များ မီးလောင်ပျက်စီးဆုံးရှုံးသွား ခဲ့ကြောင်း၊ အဆိုပါပစ္စည်းများ၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ငွေ ကျပ် ၁၆၂၅ သိန်းခန့်ရှိကြောင်း YNJG မှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

' ပြဿနာက တရုတ်အလုပ်သမားက အကြောင်းမဲ့ ရေပက်ဖျန်းရာကနေ
စခဲ့တာပါ။ ပထမတော့ပြည်တွင်း ဗမာ အလုပ်သမားနဲ့ ချင်းအလုပ်သမား ၃၀ ခန့် လောက် အလုပ်သမားတန်းတူ အခွင့်အရေးအတွက် တောင်းပန်ဖို့ စုရုံးလာကြတာပါ။ တောင်းပန်ဖို့ပြောတော့ တရုတ်အရာရှိတွေက သူတို့ စကားပြန်က တစ်ဆင့်ရေပက်တဲ့သူကို မမှတ်မိဘူး။ ဒီမှာ အခုမရှိကြောင်း၊ မတွေ့ကြောင်း စသည်ဖြင့် စကားအချေအတင် ပြောရာမှ ပြဿနာက ကြီးလာတာ။ နောက်တော့ တရုတ် အလုပ်သမားဆောင်က မီးခိုးတွေ
မြင်တော့ မီးလောင်မှန်း၊ မီးရှို့ မှုဖြစ်မှန်း သိတယ် ' ဟု ပြဿနာဖြစ်ပွား စဉ်အနီးအနားဝန်းကျင်၌ ရှိနေခဲ့သူ အမည်မဖော်လိုသည့် အဆိုပါကုမ္ပဏီ၏ တစ်ဆင့်ခံ နေ့စားအလုပ်သမားတစ်ဦးက ပြောသည်။

မီးရှို့မှုဖြစ်စဉ်သတင်းရလျှင်ရချင်း အမ်းမြို့နယ်ရဲစခန်း မှ ဒုမြို့နယ်မှုး ဒုရဲမှူးထွန်းခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ MOGEမှ ဦးစီးအရာရှိ ဦးဝင်းချို၊ အထူးအရာရှိ ဦးမျိုးဝင်းထွန်းတို့နှင့်အတူ သွားရောက်စစ်ဆေး ခဲ့ကြောင်း အမ်းရဲစခန်းမှ သိရသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ